နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ၂/၂၀၂၂ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည် ။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဌ(၁) အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိ ကဓဇ၊ ဘဒ္ဒန္တကောဝိဒက ”လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ဝဝ ကျော်ခန့်က အိန္ဒိယနိုင်ငံ၌ သိဒ္ဓတ္ထကုမာရ သည် သဗ္ဗညူ(ဗုဒ္ဓ)အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဗုဒ္ဓသည် ၄၅−နှစ်ကြာ တရားဓမ္မများကို လူနတ်ဗြဟ္မာ သတ္တဝါတို့အား ရှင်းလင်းပြသဟောကြားတော်မူခဲ့သည်။ ထိုဓမ္မအရသာကို ယနေ့ချိန်အထိ လူသားအားလုံး တွေ့မြင်ကြားနာသိရှိခံစားနိုင်အောင် အဖွဲ့အစည်းတစ်ခု (သံဃာ)သည် လက်ဆင့်ကမ်း၍ သယ်ဆောင် ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြောင်း၊ ခေတ်အဆက်ဆက် နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓ၏ဓမ္မများကို မပျောက်မပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် ကြိုးစားခဲ့ကြရာ ယနေ့ခေတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ရန်ကုန်နှင့်မန္တလေးရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များသည်လည်း တစ်ထောင့် တစ်နေရာမှ ပါဝင်အားဖြည့်ကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်း တစ်ခုအဖြစ် အသိ အမှတ်ပြု သတ်မှတ်နိုင်ပါကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန် မိမိတို့၏ ကျရာတာဝန်နှင့်ဝတ္တရားကို အလေးအနက်ထား ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း “အဖွင့်ဩဝါဒကထာ မြွက်ကြားသည် ။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ” ရှေးယခင် မင်းအစိုးရ၏ ထောက်ပံ့မှုနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ သာသနာ့တက္ကသိုလ်များပေါ်ထွန်းရေး ကြိုးပမ်း အားထုတ်ခဲ့ မှုတို့ကြောင့် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် အခြေတည်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ ဖွင့်လှစ်နိုင်ခဲ့ရာ၃၆နှစ်တာကာလသို့ တိုင်ခဲ့ပြီဖြစ်ကြောင်း ၊ ဤတက္ကသိုလ်များမှ သုတ်၊ ဝိနည်း၊ အဘိဓမ္မာပရိယတ် ဓမ္မက္ခန္ဓာများကို အထူးပြု သင်ကြားပို့ချပေးခြင်းအပြင် ရှေးရိုးသင်နည်း၊ ခေတ်လေ့လာသင်နည်းအားဖြင့် သင်ကြားနည်းစုံ လွမ်းခြုံ သင်ကြားပို့ချပေးခြင်းတို့ကြောင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ဟူသော အမည်နာမနှင့်လျှော်ညီကြောင်း၊ သာသနာ့တက္ကသိုလ်များမှ သာသန တက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနတက္ကသီလမဟာဓမ္မာ စရိယဘွဲ့၊ သာသန တက္ကသီလ ဓမ္မပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ စသည့်ဘွဲ့များကို အသီးသီးရရှိခဲ့ကြပြီး မိမိတို့ သာသနာ့ဝန်ကို စွမ်းရာကဏ္ဍမှနေ၍ နယ်စပ်နှင့်တောင်တန်းဒေသ အသီးသီးတွင် ပရိယတ်၊ ပဋိပတ် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း၊ တရားဓမ္မများ ဟောကြားပြသခြင်း၊ ကလေးသူငယ်များအား ပညာသင်ကြားပေးခြင်းတို့ကြောင့် ယင်းသာသနာ့ တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ အတိုင်းအတာ တစ်ခုထိ အောင်မြင် သည်ဟုဆို နိုင်ပါကြောင်း၊ ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် နေသည်နှင့်အမျှ ဤသာသနာ့တက္ကသိုလ်များသည် အစဉ်တိုးတက်နေမည်ဟု ယုံကြည် မိပါကြောင်း” ဖြင့် လျှောက်ထားသည် ။
ထို့နောက် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၁/၂၀၂၂) အစည်းအဝေးမှတ်တမ်းကို အတည်ပြုချက် ရယူပြီး တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြ လျှောက်ထားသည် ။
ယင်းနောက် တက်ရောက်လာကြသည့်ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုပညာရေးအဖွဲ့ (၂/၂၀၂၂) အစည်းအဝေး တင်ပြချက်များအပေါ် ဝေဖန်ဆွေးနွေးခြင်း၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး) တင်ပြချက်များအပေါ် ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ၁၃၈၃-၈၄(၂၀၂၁-၂၀၂၂) ပညာသင်နှစ် အတန်းတင်စာမေးပွဲ ကျင်းပမည့်ရက် အတည်ပြုခြင်းနှင့် ၁၃၈၄-၈၅ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဝင်ခွင့်စာမေးပွဲ လုပ်ငန်းစီမံချက် တင်ပြခြင်းနှင့် (၂၈)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနား၌ ဘွဲ့ခံယူမည့် ရဟန်းတော်များစာရင်း အတည်ပြုရေး ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက်(၁၂)ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိ ဆရာတော်က နိဂုံးချုပ် ဩဝါဒကထာ မြွက်ကြားတော်မူသည် ။
ထို့နောက်အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကိုရုပ်သိမ်းပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည် ။
ယင်းနောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည် ။
တွေ့ဆုံဆွေးနွေးပွဲသို့ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးစိန်မြအောင်၊ အတွင်းရေးမှူး ဦးနေဝင်းနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်မည့်လွတ်လပ်ရေးနေ့သည် စိန်ရတုနှစ်နှင့်တိုက်ဆိုင်နေသည့်အတွက် လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်တစ်ခုအဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များ ပါဝင် တင်ဆက်သည့် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီး ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါဖျော်ဖြေပွဲတွင် သဘင်အစည်းအရုံးအနေဖြင့် ဖျော်ဖြေမည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေး ညှိနှိုင်းရန်အတွက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ၊ ဖျော်ဖြေရေးအစီအစဉ် (မူကြမ်း)ကို ရေးဆွဲပြီးပါက ပဒေသာကပွဲ ပြုလုပ်မည့် နေပြည်တော်၊ စည်ပင်သာယာရေး ကော်မတီ လဟာပြင်ဇာတ်ရုံသို့ မျက်မြင်ကြည့်ရှုရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဇာတ်ရုံနှင့် လိုက်လျောညီထွေမည့် မီး၊ အသံ၊ ဆက်တင်၊ ကားချပ်များကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်သောဖျော်ဖြေရေး အထောက်အကူပြု မီး၊ အသံ၊ ဆက်တင် ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တတ်နိုင်သမျှ ပံ့ပိုး ကူညီပေးမည် ဖြစ်ပါကြောင်း ဦးစွာဆွေးနွေး ပြောကြားခဲ့ပါသည် ။
ဆက်လက်ပြီး တက်ရောက်လာကြသော မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပါသည် ။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် အနုပညာဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများကို သေချာစွာ စိစစ်၍ အမှန်တကယ် အရည်အချင်းရှိပြီး ထိုက်တန်သူကို နိုင်ငံတော်သို့ တင်ပြသွားမည် ဖြစ်ပါကြောင်း ၊ နတ်ကတော်၊ အပျိုတော်နှင့် နတ်ချင်း သမိုင်းများကိုလည်း အသက်အရွယ်ကြီးရင့်သည့် ပညာရှင်ကြီးများထံမှ မှတ်တမ်းများ ရယူသွားရန် လိုအပ်ကြောင်း ပြောကြားသွားပါသည်။