(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀.၉.၂၀၂၂                                                                                                 နေပြည်တော်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာများနှင့် ရုပ်ဝတ္တုပစ္စည်းများ အရှိန်အဟုန်ဖြင့် လျှင်မြန်စွာပြောင်းလဲတိုးတက်နေကြောင်း၊ ထိုအရာများတွင်  နယ်စည်းမခြားသော ပွင့်လင်းလွတ်လပ်မှု ဆိုသည့် အယူအဆများနှင့်အတူ လူမှုကွန်ရက်ဆိုရှယ်မီဒီယာများသည် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်လာကြောင်း၊ ထိုလူမှုကွန်ရက်များကို  အသုံးပြု၍ ပညာရေးနှင့် ကျန်းမာရေးတို့တွင် ကောင်းသောအကျိုးကို ဆောင်ရွက်နိုင်သကဲ့သို့ မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးသာမက ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအထိ မှေးမှိန်သေးသိမ်အောင်၊ ညစ်နွမ်းအောင် ဝင်ရောက်ထိုးဖောက်မွှေနှောက်နိုင်သည့် အကြောင်းခြင်း ရာများလည်းရှိနေပါကြောင်း၊ အထူးသဖြင့် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းပခုံးပြောင်း သယ်ဆောင်ကြမည့် ဖြူစင်ရိုးဖြောင့် တက်ကြွစွာ ဆန်းသစ်တီထွင်လိုစိတ်နှင့် စွန့်စားလိုစိတ် ကြီးမားလွန်းကြသည့်  မျိုးဆက်သစ်လူငယ်များအတွက် အဆိုပါ လူမှုကွန်ရက်များကပင် မိမိတို့ နိုင်ငံ၏ ရေမြေဒေသသဘာဝလူမှုဘဝ ပကတိအခြေအနေနှင့်ဆက်စပ်မှုမရှိသော ဆန့်ကျင်ဘက် ဖြစ်သည့် အစွန်းရောက် အတွေးအခေါ်အမူအကျင့်များကို အနုပညာဆိုသည့် လူငယ် လူရွယ် အကြိုက် မျက်နှာဖုံးတပ်၍  ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း၊ အနုသုခုမပညာရပ်သည် နက်နဲ သိမ်မွေ့သည့်ပညာရပ် ဖြစ်ကြောင်း၊ စိတ်ခံစားမှုကို  နှိုးဆွလွှမ်းမိုးနိုင်စွမ်းလည်း ကြီးမားကြောင်း၊ ရိုင်းသည်ကို ယဉ်အောင် ယဉ်သည်ကို ရိုင်းအောင်လည်းပြုနိုင်စွမ်းရှိကြောင်း၊ အဖြူကို အမည်း၊ အမည်းကို အဖြူဖြစ်အောင်ပြောင်းလဲနိုင်စွမ်းလည်းကြီးမားကြောင်း၊ ထို့ကြောင့် ထိရောက်မှု စွမ်းအား ကြီးမားထက်မြက်သည့် အနုသုခုမပညာရပ်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များ၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရေးကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူ၊ တာဝန်သိသူများအနေဖြင့် ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ အလေး အနက်ထား ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ဩဂုတ်လက ကျင်းပခဲ့သည့် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ  ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ဘာသာရပ်အလိုက်တာဝန်ယူ အကဲဖြတ်ကြမည့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်ကြီးများ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြု တက်ရောက် လာသူများက (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ ကို  ဆွေးနွေး ပြောကြား အဆုံးအဖြတ်အချို့ကို ရယူခဲ့ကြပြီဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအနက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းကိစ္စရပ်များကို အပြီးသတ်တင်ပြသွားကြရန် ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပ နေသည်ကို ရုပ်မြင်သံကြားနှင့်သတင်းစာများတွင် ထည့်သွင်းဖော်ပြနေသည့်အတွက် အများပြည်သူ များအကြား ပျံနှံ့သိရှိ စိတ်ဝင်စားနေကြပြီဖြစ်ကြောင်း၊ ဗဟိုအဆင့် ပြိုင်ပွဲကျင်းပရန်အချိန်လည်း နီးကပ်လာခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် တွင် ပါဝင်သော လူမှုရေးဦးတည်ချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်အနေဖြင့် ခမ်းနားသိုက် မြိုက်စွာကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် မူလသတ်မှတ် လျာထားသည့် အချိန်ဇယားအတိုင်း ဆောင်ရွက်ပြီးစီးမှု များကို ရှင်းလင်းတင်ပြပေးကြရန်နှင့် လုပ်ငန်းအရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေး အပြီးအပြတ် ဆုံးဖြတ်ချက်ချမှတ်ရမည့် ကိစ္စရပ်များကျန်ရှိပါက ဝိုင်းဝန်းဆွေးနွေး တင်ပြကြစေလို ကြောင်း ပြောကြားသည်။

 ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ပြိုင်ပွဲကျင်းပ မည့် အစီအမံများနှင့် ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ပထမ အကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာဌေးအောင်တို့က (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များ၏ နှလုံးသားတွင် မိမိတို့ရိုးရာယဉ်ကျေးမှုနှင့် အနုသုခုမများကို မြတ်နိုးခုံမင်စွာ လေ့လာ လိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်း လက်ဆင့်ကမ်း  သယ်ဆောင်သွားလိုစိတ်များ  ကိန်းအောင်းရှင်သန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.