ယဉ်ကျေးမှု အမွေအနှစ်များ အပေါ် သက်ရောက်မှု အကဲဖြတ် လေ့လာဆန်းစစ်ချက် Heritage Impact Assessment (HIA) ဌာနတွင်း အခြေခံဆင့်ပွား သင်တန်းဆင်းပွဲ  ကျင်းပပြုလုပ်

ယဉ်ကျေးမှုအမွေအနှစ်များအပေါ် သက်ရောက်မှု အကဲဖြတ်လေ့လာဆန်းစစ်ချက် Heritage Impact Assessment (HIA) ဌာနတွင်း အခြေခံဆင့်ပွားသင်တန်းဆင်းပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံ ရှေးဟောင်းသုတေသနပြတိုက်တွင် ယနေ့နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ‌ညောင်ဦးခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ (ဒေသခံ) ကော်မတီဝင်များနှင့် သင်တန်းသား (၃၄) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းထားသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့် ညောင်ဦး ခရိုင်/ မြို့နယ်အဆင့် ဌာန (၁၂) ဌာန၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ(ဒေသခံ) ကော်မတီများ ပါဝင်သည့် HIA စစ်ဆေးရေးအဖွဲ့ အနေဖြင့် ဤဆင့်ပွားသင်တန်းကို    တက်ရောက်သင်ယူ လေ့လာခဲ့ရသဖြင့် HIA ၏ အခြေခံ သဘောတရား များနှင့် ရှေးဟောင်းအမွေအနှစ်များ၏ တန်ဖိုးကြီးမားမှုများကို  သိရှိနားလည်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဤသိရှိနားလည်မှုများမှတစ်ဆင့် မိမိတို့ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ပိုမိုချစ်မြတ်နိုးလာပြီး ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် အင်အားတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ဤသင်တန်းသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်  ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်နိုင်မှု ရှိ/ မရှိ စစ်ဆေးခြင်းများ၊ ထိခိုက်မှု အနည်းနိုင်ဆုံး နည်းလမ်းများကို  စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် အားပြည့်ခိုင်မာသည့် အဖွဲ့တစ်ခု ဖြစ်လာစေရန် အထောက်အပံ့ကောင်းတစ်ခုဟု ယူဆမိပါကြောင်း၊  ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကြီးကို ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်မည့်အပြင်   ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ Guideline များကိုလည်း ပိုမိုလိုက်နာနိုင်မည် ဖြစ်ပါကြောင်း၊ ညောင်ဦးခရိုင်တစ်ခုလုံး၏ စည်းလုံးညီညွတ်မှု၊ အမွေအနှစ်အပေါ်  ချစ်မြတ်နိုးမှု ပြယုဂ်တစ်ခုဖြစ်စေသည့်      ဤသင်တန်းဖွင့်လှစ်ပို့ချ ဖြစ်စေရေး ဆောင်ရွက်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်တကွ စနစ်တကျပို့ချပေးခဲ့ပါသော မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များကာကွယ် ထိန်းသိမ်းရေးကော်မတီဝင်၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိုးစိုးလင်းနှင့် အဖွဲ့ဝင်တို့ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သင်ယူလေ့လာခဲ့ကြသည့် ဌာနဆိုင်ရာ သင်တန်းသား များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၊  ပုဂံယဉ်ကျေးမှုအမွေအနှစ်များ  ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးနိုင်ရေး တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.