“ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” သုတေသနစာတမ်းဖတ်ပွဲကျင်းပ ပြီးစီး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန သည် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်း ဖြစ်ပေါ်လာရေးတွင် အထောက်အပံ့ ရရှိစေရန်နှင့် သမိုင်းပညာရှင်များ ပြုစုပျိုးထောင်ရန် “ဒေသသမိုင်း၊ မြန်မာ ရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၃-၉-၂၀၂၂) နံနက်(၀၉:၃၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာသမိုင်း အဖွဲ့ဝင် ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များနှင့် အခြားဖိတ်ကြားထားသော ဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာ တွင် မြန်မာသမိုင်း၏အစကို ကြည့်ပါက ရာဇဝင်ကျမ်းများမှ အစပြုသည်ဟုဆိုရမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံတွင် ရာဇဝင်ကျမ်းများ အမျိုးမျိုးရှိပြီး ရှေးဘိုးဘေးဘီဘင်များ၏ ကြိုးစားအားထုတ်မှု ကြောင့် ယခုကဲ့သို့ ရာဇဝင်ကျမ်းများ ရှိလာခြင်းဖြစ်ကြောင်း၊ နှောင်းခေတ်လူသားများ ဖတ်ရှု လေ့လာနိုင်ကြ၍ မြန်မာတို့၏ ကြီးကျယ်ခမ်းနားမှုကို ဂုဏ်ယူမဆုံးဖြစ်ရပြီး မှတ်တမ်းမှတ်ရာများ ကျန်ရစ်ခဲ့သည့်အတွက် သမိုင်းမပျောက်သည့် လူမျိုးအဖြစ် တည်ရှိလာရခြင်းဖြစ်ကြောင်း၊ ရာဇဝင် ကျမ်းများ ရှိလာခဲ့သည့်အတွက်လည်း မိမိတို့၏ အတိတ်သမိုင်းကို သိရှိနားလည်ပြီး သမိုင်းက ပေးဆောင်သည့် အင်အားများကို အသုံးချနိုင်မည်ဖြစ်ကြောင်း၊ အတိတ်က ပေးသည့် အခြေအနေ နှင့် သမိုင်းကြောင်းကို နားမလည်ပါက ပစ္စုပ္ပန်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည်

လည်း အရာရောက်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် အတိတ်က ရှေးဘိုးဘေးဘီဘင်များကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ၎င်းတို့ ရေးသားပြုစုခဲ့သည့် ရာဇဝင်ကျမ်းများသည် ယနေ့တိုင် အသုံးဝင်နေဆဲ၊ အကျိုးပြုနေဆဲဟု ဆိုရမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သုတေသနစာတမ်းဖတ်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

နံနက်ပိုင်းစာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းက “ကရင်ရာဇဝင်နှင့် မွန်ရာဇဝင်များက ဖော်ပြသော ကရင်ပြည်နယ် မြဝတီဒေသရှိ မြဝတီမြို့ဟောင်းကို လေ့လာခြင်း” စာတမ်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း က သဘာပတိအဖြစ်လည်းကောင်း၊ နေလယ်ပိုင်း စာတမ်းဖတ်ကြားခြင်း အစီအစဉ်တွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြမြသောင်းက “တောင်ငူရာဇဝင်များ၏ သမိုင်းတန်ဖိုး” စာတမ်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက သဘာပတိအဖြစ်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်း က “ရာဇဝင်နှင့် ခေတ်ပြိုင်အထောက်အထားများမှ ရရှိသော စလေဒေသသမိုင်း” စာတမ်းအား ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးတင်ခြုံက သဘာပတိအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော် များနှင့် ဌာနဆိုင်ရာအသီးသီးက အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များနှင့် အကြံပြုလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက သုတေသနစာတမ်းရေးသားရာတွင် ချဉ်းကပ်ပုံနည်းလမ်း သတိပြုရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည်ဖြင့် မည်သည့်အမြင်ဖြင့် ရေးသားမည်ကို သိရှိနေရမည်ဖြစ်ကြောင်း၊ ယနေ့ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်း(၃)စောင်တွင် ပါဝင်သည့် ဒေသ (၃)ခု၏ ရာဇဝင်သမိုင်းကြောင်းများကို သိရှိရသဖြင့် တန်ဖိုးရှိသော သုတေသနစာတမ်းဖတ်ပွဲ တစ်ခုဖြစ်ပါကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပြီး သဘာပတိများနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ  ညနေ (၄:၃၀) နာရီခန့်တွင် စာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.