ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ  ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ  ရှင်းလင်းခြင်း အခမ်းအနားကို  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် (၂၅.၉.၂၀၂၂)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ပုဂံညောင်ဦးဒေသရှိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်၊ နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်၊ မြို့နယ် သံဃနာယက ဆရာတော်များ၊  ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး တရုတ်ပညာရှင်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး (ဒေသခံ) ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂံညောင်ဦးဒေသ ပရဟိတအဖွဲ့အစည်းများ၊ စုစုပေါင်း သံဃာတော်(၁၀) ပါးနှင့် လူပုဂ္ဂိုလ်(၆၂) ဦး  တက်ရောက်ခဲ့ကြပါသည်။    

အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ က ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၄) ရက်နေ့တွင်   လှုပ်ခတ်ခဲ့သည့်  မြေငလျင်ကြောင့်  ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် (၃၈၉)ဆူ ထိခိုက်မှုရှိခဲ့ရာတွင်    သဗ္ဗညုဘုရား၏ အဆောက်အအုံ အပေါ်ပိုင်းတွင်လည်း   ထိခိုက် ပျက်စီးခဲ့ပြီး အက်ကွဲကြောင်းများလည်း ဖြစ်ပေါ်ခဲ့ပါကြောင်း၊  ဘုရား(၃၈၈) ဆူကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြုပြင်ထိန်းသိမ်းပြီး ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း၊ ရေရှည်ကြံ့ခိုင် ထိန်းသိမ်းမှုများ ပြုလုပ်ရမည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရက ပူးပေါင်းဆောင်ရွက်ရန်  ကမ်းလှမ်းခဲ့ပြီး နှစ်နိုင်ငံအစိုးရတို့ကြား သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာချွန်လွှာကို (၂၂. ၉. ၂၀၁၈) ရက်နေ့က သဗ္ဗညုဘုရားကြီးမှာပင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊   ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ပြီးချိန်တွင် ငလျင်ကြောင့် ထိခိုက်ခဲ့သည့် ပုဂံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အနယ်နယ်အရပ်ရပ်မှ အလှူငွေများ  ပါဝင် လှူဒါန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တရုတ်ပညာရှင်အဖွဲ့ အနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်လာရောက် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေစဉ် ကာလအတွင်းဖြစ်၍ လာရောက်နိုင်ခဲ့ခြင်း မရှိဘဲ (၈.၁.၂၀၂၂) ရက်နေ့မှသာ သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်ပညာရှင်အဖွဲ့သည် (၁၂.၄.၂၀၂၂) ရက်နေ့တွင် ပုဂံဒေသသို့ ရောက်ရှိ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် သာမက ကမ္ဘာမှာပါ အထင်ကရ ဖြစ်သည့် အမွေအနှစ်တန်ဖိုး၊ အနုလက်ရာတန်ဖိုးကြီးမားလှသော သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် ၂၀၁၆ ခုနှစ်အလွန် ကာလကတည်းကပင် စီမံချက်များချမှတ်ပြီး ပူးပေါင်းထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ မိမိတို့ ပုဂံဒေသအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် မှာကြားလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။   

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆွေးနွေးမှု သဘောတူညီချက် (MoM) ကို (၂၅.၅.၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ နားလည်မှုစာချွန်လွှာ (MoU) ကို (၂၂.၉.၂၀၁၈) ရက်နေ့တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် သဗ္ဗညုဘုရားကြီး ပျက်စီးမှုအား အသေးစိတ်မှတ်တမ်း ကောက်ယူခြင်း၊ ဘုရားပတ်ဝန်းကျင်ရှိ ရှေးဟောင်း အဆောက်အအုံများကို လေ့လာခြင်း၊  ဘုရားအနီး ပတ်ဝန်းကျင်ရှိ မြေသားငလျင်ဒဏ်ခံနိုင်မှု၊ မြေသား၏ သဲဆန်မှု မြေအောက်ရေ တည်ရှိမှု စသည့်တို့ကို သိရှိနိုင်ရန် Soil Test စစ်ဆေးရန် Test pit (၇)နေရာ တူး၍ မြေသားနမူနာယူခြင်း၊ 3D Scanner ဖတ်ခြင်း၊ နံရံပန်းချီနှင့် ပတ်သက်သည့် လုပ်ငန်းများ လေ့လာခြင်းများကို လာရောက်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ (၈.၁.၂၀၂၂) ရက်နေ့တွင် သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး တရုတ်ပညာရှင် အဖွဲ့အနေဖြင့် (၁၂.၄.၂၀၂၂) ရက်နေ့တွင် ပုဂံဒေသသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယဉ်ကျေးမှုအမွေအနှစ် မြင်ကွင်း၊ မြေပေါ် မြေအောက်ရှိ ရှေးဟောင်းအထောက်အထားများကို ထိခိုက်မှုမရှိစေရန် ဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လက်ရှိပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို  သက်ဆိုင်ရာ တာဝန်ရှိသူနှင့်ဌာနသို့ မေးမြန်းစုံစမ်းမှုမပြုဘဲ မိမိလိုရာဆွဲ၍ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန်၊ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြလာမှုများ မပြုလုပ်ကြရန်နှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို အများပြည်သူသိရှိစေရန် ဗီနိုင်း ချိတ်ဆွဲခြင်း၊ ဌာနပိုင် Facebook Page မှ လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၏ Website မှလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏  Website မှလည်းကောင်း အသိပေး‌ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သဗ္ဗညုဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းသည့် ပညာရှင်များက တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ နှစ်နိုင်ငံချစ်ကြည်ရေးအရ သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ ညွှန်ကြားချက်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုများနှင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်မြင်ကွင်းနှင့် မြေအောက်အမွေအနှစ်များ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက် ထားပါကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးမှ ဆောင်ရွက်ခဲ့ကြကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုသည် မိမိတို့၏ အမွေအနှစ်များကို ထိခိုက်မှု မရှိအောင် စီမံဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များက တရုတ် – မြန်မာ ချစ်ကြည်ရေး အရ ဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရန် အတွက် နေရာထိုင်ခင်း ဆောင်ရွက်ထားမှုများသည် ယာယီအဆောက်အဦများ ဖြစ်ပါကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဟုတ်ဘဲ သာသနာ့အကျိုး၊ အများအကျိုးအတွက် ဖြစ်ပြီး စီမံကိန်းကာလပြီးစီးပါက မူလအနေအထားအတိုင်း ပြန်လည်ဆောင်ရွက်ပေးပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ စနစ်တကျ ပြန်လည်အပ်နှံသွားမည် ဖြစ်သည့် အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း မိန့်ကြားပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေး (ဒေသခံ) ကော်မတီဝင်တစ်ဦးက  သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအား ကွင်းဆင်း စစ်ဆေးရာတွင် စနစ်တကျ ဆောင်ရွက်ထားပြီး မိမိတို့၏ အမွေအနှစ်များကို ထိခိုက်မှု မရှိအောင် စီမံဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် လေးစာစွာ ညှိနှိုင်းဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း ပြောကြားပါသည်။

Bagan Heritage Trust ၊ ဥက္ကဋ္ဌက တရုတ်မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ တရုတ် ပညာရှင်များက ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်း ဆောင်ရွက်ပေးခဲ့သည့်အတွက်  များစွာဝမ်းမြောက် ဂုဏ်ယူခဲ့ပါကြောင်း ၎င်းတို့၏ Project ကာလ ပြီးဆုံးပါက  ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ကိုလည်း ထိန်းသိမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ အာနန္ဒာဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ က သဗ္ဗညုဘုရားကြီး ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြားဌာနများမှ အများပြည်သူသိရှိစေရန်  အသေးစိတ်ရှင်းပြထားလျှင် ကောင်းပါကြောင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (ပုဂံဇုန်)၊ ဥက္ကဌက  ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း (၃၀၀၀) ကျော် တည်ရှိသည့်အတွက် ဒေသခံများသာမက နိုင်ငံသားတိုင်းထိန်းသိမ်းရန် တာဝန် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ရှေးဟောင်း သာသနိကအဆောက်အအုံများ ပျက်စီး သွားခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အချိန်ယူပြီး ပြုပြင် ထိန်းသိမ်းခဲ့သည်မှာ ယနေ့ထိဖြစ်ပါကြောင်း၊  နှစ်နိုင်ငံ ချစ်ကြည်ရေးအရ တရုတ်ပညာရှင်များက သဗ္ဗညုဘုရားကြီး ရေရှည်ကြံ့ခိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသည့်အတွက် အကောင်းဆုံး ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း  ပြောကြားခဲ့ကြပါသည်။

အခမ်းအနားသို့တက်ရောက်လာသူများက သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြပြီး အခမ်းအနားကို  (၁၆:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.