၂၀၂၂ ခုနှစ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူးကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပညာရည်ချွန် ဆုရ ကျောင်းသား၊ကျောင်းသူများနှင့်အတူ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများတွင် ပညာဆည်းပူး နေကြသော ထူးချွန်ကျောင်းသား ကျောင်းသူ ၅၅ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်သည့် အခမ်းအနား ဖြစ်ကြောင်း၊ ယနေ့ ပညာရည်ချွန်ဆုချီးမြှင့်မှုသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို ထောက်ပံ့ အားပေးမှုဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေ မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုပညာသင်ဆု ပေးပွဲအခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့် အနုပညာ ဘာသာရပ်အထူးပြု ကျောင်းသား ကျောင်းသူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” အထူးပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အမွေဆက်ခံရေးအတွက် အရေးပါ သည့်ခွန်အားများ ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် အေးအတူပူအမျှအသိုက်အဝန်းအတူ တည်ဆောက်ရေးလမ်းကြောင်းသည် ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

ယင်းနောက် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ယဉ်ကျေးမှု သံမှူးကြီးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။