(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရန် ကျန်းမာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၂၉

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးကာလအတွင်း ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များ၊ အထောက်အကူပြု တာဝန်ရှိသူများနှင့် လာရောက်ကြည့်ရှုအားပေးကြမည့် ဧည့်ပရိသတ်များအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပြိုင်ပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ်(၃၅)ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လောကနတ်ခန်းမတွင် ယနေ့နံနက် ၁၀၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MICC-II)တွင် ပြိုင်ပွဲ ၄ နေရာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယဉ်ကျေးမှုရတနာခန်းမ၊ အမျိုးသားပြတိုက်၊ အမျိုးသား စာကြည့်တိုက်နှင့် လေ့ကျင့်ရေးဇာတ်ရုံတို့တွင် ပြိုင်ပွဲ ၄ နေရာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အင်အား ခန့်မှန် ၁၈၀၀ ဦး၊ အကဲဖြတ်ပညာရှင် ၁၇၆ ဦးနှင့် ဆပ်ကော်မတီများမှ အထောက်အကူပြုရုံးအဖွဲ့ဝင် ၂၀၀ ဦးတို့သည် အမှတ် (၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် နေထိုင်ကြမည်ဖြစ်ကြောင်း၊ ၂၂.၉.၂၀၂၂ ရက်နေ့ က ကျင်းပပြုလုပ်သော နာယကဦးဆောင်သည့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးတွင် နာယက က ပြိုင်ပွဲဝင်များ၏ သွားလာရေး၊ တည်းခိုနေထိုင် စားသောက်ရေး ကိစ္စရပ်များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ထားပါကြောင်း၊ ထို့အပြင် ပြိုင်ပွဲဝင်များ နေပြည်တော်သို့ မလာရောက်မီ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၅ ရက် ကြိုတင်၍ စုစည်းထားရန်လည်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အကဲဖြတ်ပညာရှင်များကိုလည်း ပြိုင်ပွဲ မကျင်းပမီ ၅ ရက်ခန့် ကြိုတင်၍ နေပြည်တော်၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် စုစည်းပြီး ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ရန်ကိုလည်း လမ်းညွှန် မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် “နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးအစည်းအဝေးတွင် အဆို၊ အက၊ အရေး၊ အတီးလာရောက်မည့် ဒိုင်၊ ပြိုင်ပွဲဝင်များ၊ နေပြည်တော်ရှိ ပြိုင်ပွဲကျင်းပရေးကော်မတီ အသီးသီးမှ တာဝန်ကျ အရာထမ်း၊ အမှုထမ်းများ အားလုံး  Booster မထိုးရသေးပါက Booster ထိုးပြီးမှ ဆက်လက် ဆောင်ရွက်စေရန်”ဟု လမ်းညွှန်မှာကြား ထားပါကြောင်း၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ မည့် MICC-II သို့ ဖိတ်ကြားနေရာချထားနိုင်ရေး အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆွေးနွေးပေးစေလိုပါကြောင်း၊ ပြိုင်ပွဲဝင်များ နေပြည်တော် ရောက်ရှိပြီးမှ ကိုဗစ်-၁၉ ထပ်မံ တွေ့ရှိပါက ဆောင်ရွက်ရမည့် အစီအစဉ်နှင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရစေမည့် နည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် ထည့်သွင်းဆွေးနွေးပေးစေလိုပါ ကြောင်း၊ ပြိုင်ပွဲကျင်းပမည့် နေရာများသို့ ပြင်ပမှလာရောက်ကြည့်ရှုမည့် ပရိသတ်များရှိပါက ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုပါ ဆွေးနွေးပေးစေလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြား ခဲ့ပါသည်။

              ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းမှ ပြောကြားရာတွင် ယခုကာလသည် ကိုဗစ်တွေ့ရှိနှုန်း အတန်ငယ်မြင့်မားနေ ပါကြောင်း၊ သို့သော် သက်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်သွားလာစားသောက်ခြင်း၊ ကာကွယ်ဆေးများထိုးနှံထားရှိခြင်းဖြင့် ခုခံနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အကြောင်း ပြု၍ ပြိုင်ပွဲကြီး၏ အရှိန်အဟုန်ကို မထိပါးစေလိုပါကြောင်း၊ ပြိုင်ပွဲကြီးကို ဗဟိုပြု၍ ကိုဗစ်ရောဂါပျံ့ပွားမှုလည်း မပေါ်ပေါက်စေလိုပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်အကြီး အကဲ၏ ဆန္ဒမွန်ဖြစ်သော ရွက်ပုံးသီး အနုပညာရှင်များ ပေါ်ထွန်းလာစေရေးဟူသည့် အချက်ကို အလေးအနက်ထား၍ ရွက်ပုံးသီးအနုပညာရှင်လေးများ စိတ်အေးချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာရေးရှုထောင့်မှ ပံ့ပိုးနိုင်မည့် နည်းလမ်းများကို ကြိုတင် ပြင်ဆင်ထားပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များ ကို ဆွေးနွေးကြပါသည်။ ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနား ကို ရုတ်သိမ်းလိုက်ပါသည်။