၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၄) ရက်နေ့တွင် ပုဂံဒေသ၌ လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ (၃၈၉) ဆူ ထိခိုက်ပျက်စီးခဲ့ပါသည်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်း အဆောက် အအုံများအား ပြုပြင်ထိန်းသိမ်းရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များကလည်း သဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများ၊ နည်းပညာများ ကူညီလှူဒါန်းခဲ့ကြပြီး UNESCO အဖွဲ့အစည်းမှလည်း မြန်မာနိုင်ငံ၏ အမျိုးသားအမွေအနှစ်ဒေသတစ်ခုဖြစ်သည့် ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံများအား ထိန်းသိမ်းရန် ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် အကြံပေးကူညီဆောင်ရွက်ခဲ့ပါသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သဗ္ဗညုဘုရားအပါအဝင် စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းလုပ်ငန်းများကို ကြီးကြပ်ရန်အတွက် ဒုတိယသမ္မတဦးဆောင်သော “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာ အကြံပေးနိုင်သည့် ပညာရှင်များ ပါဝင်သော Technical Expert Team (TET)၊ ပုဂံဒေသနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(BICC) တို့ကိုဖွဲ့စည်း၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခဲ့ပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆောက်လုပ်ရေးအထူးအဖွဲ့ တို့ ပူးပေါင်း၍ ပြည်သူများ၏ အလှူငွေဖြင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ မတ်လတွင် ကနဦးထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ခဲ့ပါသည်။
ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များလာရောက်၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များအား မလိုလားအပ်သော ထိခိုက်ပျက်စီးမှုများ မဖြစ်စေရေးအတွက် UNESCO ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေးအဖွဲ့နှင့် ဌာနမှ သက်ဆိုင်ရာ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် ခဲ့ကြပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့်လည်း ပုဂံဒေသရှိယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့် အမေရိကန်နိုင်ငံ၊ Getty Conservation Institute က မြင်းပြဂူဘုရားပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်းကောင်း၊ ဂျာမနီနိုင်ငံမှ Cologne Institute နှင့် the society for the Preservation of Heritage GEKE e.V အဖွဲ့တို့မှ နန်းဘုရားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းကို လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ASI မှ အာနန္ဒာဘုရားနှင့် ဘုရား (၉၂) ဆူ၏ နံရံဆေးရေးပန်းချီနှင့် အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို လည်းကောင်း၊ အီတလီနိုင်ငံ၊ AICS မှ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များကိုလည်းကောင်း၊ ဂျပန်နိုင်ငံ၊ TNRICP က မယ်တော်ရပ်နှင့် လောကထိပ်ပန် ဘုရားပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လည်းကောင်း၊ ကိုရီးယားနိုင်ငံ၊ KCHF က ဘုရားသုံးဆူ နံရံပန်းချီနှင့် အဆောက်အအုံပိုင်း ထိန်းသိမ်းရေးလုပ်ငန်းကို လည်းကောင်း၊ စင်္ကာပူနိုင်ငံမှ ပုဂံနန်းတော်ရာရှိ ရှေးဟောင်းဝတ္ထု ပစ္စည်းများအား ရှေးဟောင်းသုတေသနဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း သုတေသန လုပ်ငန်းများကို လည်းကောင်း၊ ထိုင်းနိုင်ငံမှ ပုဂံဒေသရှိ ဘုရားများအား 3D Laser Scanning ဖတ်ခြင်း လုပ်ငန်းများကို လည်းကောင်း၊ တောင်အာဖရိက နိုင်ငံ၊ Cape Town University က Spatial Documentation Project ကိုလည်းကောင်း၊ ကနေဒါနိုင်ငံ၊ Trent University က အေဒီ ၁၁ ရာစုမှ အေဒီ ၁၄ ရာစုအတွင်း ပုဂံဒေသ၏ ဂေဟစနစ်၊ အခြေချနေထိုင်မှုပုံစံများ၊ စိုက်ပျိုးမှု ဓလေ့နှင့် ရေအသုံးချ စီမံခန့်ခွဲမှုတို့အား လေ့လာသုတေသနပြုခြင်းကိုလည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
ပုဂံဒေသနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ(BICC)နှင့် Technical Expert Team (TET)တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံမြေငလျင် ကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ်နှင့် ပြည်တွင်းပြည်ပမှ ပညာရှင်များ ပါဝင်ဖွဲ့စည်းပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အကြံပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီ ပုထိုး၊ သာသနိက အဆောက်အအုံများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြုပြင် ထိန်းသိမ်းရာတွင် အဆိုပါအဖွဲ့ထံသို့ ဆောင်ရွက်မည့် နည်းပညာ၊ ပစ္စည်းနှင့် လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြပြီး ယင်းအဖွဲ့က စိစစ်ပြီးမှသာ ၎င်းတို့၏ အကြံပြုမှုအတိုင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရပါသည်။
ထိုကဲ့သို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားများ ပြုပြင်ထိန်းသိမ်းရန်အတွက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ (၁) သန်းကို လှူဒါန်းခဲ့ပါသည်။ သဗ္ဗညု ဘုရားကြီး ရေရှည်ကြံ့ခိုင်စေရေး ပြန်လည်ပြုပြင် ထိန်းသိမ်းရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရက ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပြီးနောက် သဗ္ဗညုဘုရား ပြုပြင် ထိန်းသိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆွေးနွေးမှု သဘောတူညီချက် (MoM) ကို (၂၅.၅.၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ နားလည်မှုစာချွန်လွှာ (MoU) ကို (၂၂.၉.၂၀၁၈) ရက်နေ့တွင် လည်းကောင်း လက်မှတ်ရေးထိုး ခဲ့ပါသည်။ ထို့နောက်အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် သဗ္ဗညုဘုရားကြီး ပျက်စီးမှုအား အသေးစိတ်မှတ်တမ်းကောက်ယူခြင်း၊ ဘုရားပတ်ဝန်းကျင်ရှိ ရှေးဟောင်း အဆောက်အအုံများကို လေ့လာခြင်း၊ ဘုရားအနီး ပတ်ဝန်းကျင်ရှိ မြေသားငလျင်ဒဏ်ခံနိုင်မှု၊ မြေသား၏ သဲဆန်မှု မြေအောက်ရေတည်ရှိမှု စသည်တို့ကို သိရှိ နိုင်ရန် Soil Test စစ်ဆေးရန် Test pit (၇)နေရာ တူး၍ မြေသားနမူနာယူခြင်း၊ 3D Scanner ဖတ်ခြင်း၊ နံရံပန်းချီနှင့် ပတ်သက်သည့် လုပ်ငန်းများလေ့လာခြင်း၊ ထပ်မံ၍ ပျက်စီးမှုများ မဖြစ်ပေါ်စေရန်အတွက် ခါးပတ်များပတ်ခြင်းတို့ကို လာရောက်ဆောင်ရွက်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရေရှည် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ယာယီရုံးခန်းကို ၁၅.၆.၂၀၂၂ ရက်နေ့မှစ၍ တရုတ် ပညာရှင်အဖွဲ့သည် Container Box များ အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းသုံး ပစ္စည်းသိုလှောင်ရုံ ယာယီတည်ဆောက်ခြင်းနှင့် လျှောက်လမ်းအတွက် ယာယီအုတ်ခင်းခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ အုတ်ကွက်ပုံ ပြုလုပ်ထားသည့် အကာအရံအား ဌာနမှ ခွင့်ပြုပေးထားခဲ့သော အရောင်အတိုင်း ဆေးရောင်မှုတ်ခြင်းစသည့် လုပ်ငန်းများအား ယနေ့ထိ ဆောင်ရွက်လျက်ရှိပါသည်။
ယခုအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်း နှင့် ရှေ့ပြေးသုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး သဗ္ဗညုဘုရား ရေရှည်ကြံခိုင်စေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သဗ္ဗညုဘုရား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းအား ဆောင်ရွက်ရာတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေးအဖွဲ့နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ ညွှန်ကြားချက်များ၊ ကြီးကြပ်မှုများဖြင့် ယဉ်ကျေးမှုအမွေအနှစ် မြင်ကွင်း၊ မြေပေါ် မြေအောက်ရှိ ရှေးဟောင်းအထောက်အထားများကို ထိခိုက်မှုမရှိစေရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများနှင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။