နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၁

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၁၆ ခုနှစ်တွင် (၂၂)ကြိမ်မြောက် ကျင်းပပြီးစီးစဉ်ကစ၍ ဆက်လက်ကျင်းပ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်မှာ (၅)နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ အားပေးချီးမြှောက်မှု၊ အစိုးရအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို မြတ်နိုးကြသူများ၏ တောင့်တမျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရှေးယခင်အခါများနည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း။

ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကို ရွက်ဆောင်နိုင်၏ဟု အဆိုအမိန့်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှု၏ ယဉ်ကျေးသောစိတ်ကို အခြေခံသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ချမ်းသာခြင်းကို ဆောင်ယူလာသည့် ပြိုင်ပွဲကြီးတစ်ရပ်ဟု နိမိတ်ကောင်းကိုဆောင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း။

နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ တွေ့ရှိခဲ့ပြီးဖြစ်သည့် ပရိုင်းမိတ်ရုပ်ကြွင်း အထောက်အထားများအရ ရှေးနှစ်သန်းပေါင်းများစွာကတည်းက လူနှင့်သက်ရှိသတ္တဝါများ၊ သစ်ပင် အစရှိသည့် ရေမြေသဘာဝများ ဖြစ်တည်ခဲ့ပြီးဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ထားကြောင်း။

နိုင်ငံ၏ နေရာဒေသများစွာတွင် ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ် အစရှိသည့် သမိုင်းဖြစ်စဉ်များ ဖြတ်သန်းပေါ်ပေါက်ခဲ့သည့် အထောက်အထားများလည်း အခိုင်အမာ ရှိပြီးဖြစ်ကြောင်း၊ လူအများစုဖွဲ့နေထိုင်ရာမှ ရေမြေဒေသသဘာဝကိုလိုက်၍ သက်ဆိုင်ရာ မျိုးနွယ်တူ အစုအဝေးများကို အကြောင်းပြုသည့် ဘာသာစကား၊ ဒေသိယအသုံးအနှုန်းများအပြင် ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ လူ့ယဉ်ကျေးမှုဆိုင်ရာ အလေ့အထများစွာကို ပိုင်ဆိုင်ထားရှိခဲ့ကြပြီးဖြစ်သကဲ့သို့ မြို့၊ ရွာများ သက်ဆိုင်ရာ ပဒေသရာဇ်နိုင်ငံငယ်များ ဆင့်ကဲထူထောင်ခြင်း၊ စီးပွားရေးလူမှုရေးသာမက အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးစွမ်းအားများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ဆောင်ရွက်ခြင်းများ ရှိခဲ့ကြောင်း။

လူသားတို့ အသက်ရှင်နေထိုင်ရန် အဆင့်ဆင့်ကြိုးပမ်းခဲ့ကြသည့် အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ကိရိယာများ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထောက်အထား အမှတ်အသားများ၊ ဂူနံရံဆေးရေးပန်းချီ၊ အနုသုခုမဆိုင်ရာ တူရိယာပစ္စည်း အစရှိသည့် အထောက်အထားများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ရှိထားပြီးဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်သည့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ပျူမြို့ပြနိုင်ငံများ ထွန်းကားခဲ့မှုသည် အစောဆုံးတွေ့ရသည့် အထောက်အထားများ ဖြစ်ကြောင်း၊ ပျူခေတ်ဦးကို ပညာရှင်များက ၂ ရာစုဘီစီဟု သတ်မှတ်ခဲ့ကြကြောင်း၊ တကောင်း၊ ဟန်လင်း၊ မိုင်းမော၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့သည် ထင်ရှားသည့် ပျူမြို့တော်ဟောင်းများ ဖြစ်ကြကြောင်း၊ ပျူတို့သည် ရေသွင်းစိုက်ပျိုးရေး၊ လက်မှုအတတ်ပညာမျိုးစုံ တတ်မြောက်ခဲ့ကြကြောင်း၊ ဒင်္ဂါးသွန်းလုပ်မှု၊ ကျောက်မျက် အဆင်တန်ဆာဖန်တီးမှု၊ ရွှေကို နန်းခတ်သည့် အတတ်ပညာ၊ စဉ့်အိုး၊ မြေအိုး လုပ်ငန်းများအပြင် နန်းတော်များ၊ သာသနိက အဆောက်အုံများနှင့်နေအိမ်များကို စနစ်တကျ တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ယုံကြည်ခဲ့ကြပြီးဖြစ်ကြောင်း။

တူးဖော်မှုအထောက်အထားများအရ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘကုန်းက ဗုဒ္ဓစာပေကို ပျူဘာသာဖြင့်ရေးထိုးထားသည့် ရွှေပေလွှာအချပ် ၂၀ ကို တွေ့ရှိခဲ့ကြောင်း၊ “ယေဓမ္မာ ဟေတုပ္ပဘဝါ” အစချီ ဂါထာများပါဝင်ကြောင်း၊ ထို့ပြင် ပျူပန်တျာသည် ကြေးရုပ် ၅ ရုပ်ကိုလည်း ကပြတီးမှုတ်ဟန်များနှင့်အတူ တူးဖော်တွေ့ရှိရကြောင်း၊ အေဒီ-၈၀၂ ခုနှစ်တွင် အိမ်နီးချင်းတရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ပျူအနုပညာရှင်များအဖွဲ့၏ တူရိယာ ၂၂ မျိုးနှင့်အတူ အဆင့်မြင့်မားစွာ ဖျော်ဖြေတင်ဆက်နိုင်ခဲ့သည့် အထောက်အထားများလည်း ခိုင်လုံစွာ ရှိနေခဲ့ပြီဖြစ်ကြောင်း။

ပျူခေတ်ကိုဆက်ခံသည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင် အစရှိသည့် ခေတ်အဆက်ဆက်၌ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုရေးရာ အနုသုခုမပညာရပ်များ အဆင့်ဆင့်ထွန်းကားခဲ့သည်မှာ ယနေ့ မျက်မှောက်ကာလအထိပင် ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ စုစည်းနေထိုင်ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ စာပေနှင့် အနုသုခုမ ယဉ်ကျေးမှုပေါင်းများစွာသည်လည်း ပေါကြွယ်ဝစွာ တည်ရှိနေဆဲဖြစ်ကြောင်း၊ ယခုနှစ်ကျင်းပမည့် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များက စုပေါင်းပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးရပြီး ၁၉၅၁ ခုနှစ်နှင့် ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်ပန်တျာနှင့် ပန်းချီ၊ ပန်းပုကျောင်းများကို ရန်ကုန်နှင့် မန္တလေးမြို့များ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်မှ စတင်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထိုကျောင်းနှင့် တက္ကသိုလ်များ မဖွင့်လှစ်မီကတည်းက ပညာရှင်ကြီးများ အဆက်ဆက်သည် ရိုးရာအနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းစနစ်ဖြင့် ထိန်းသိမ်းဆင့်ပွားခဲ့ကြကြောင်း၊ နိုင်ငံ၏သမိုင်းနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်အထိ သမိုင်းပေး တာဝန်တစ်ရပ်အဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုသတ်မှတ်သည့်အခါ အဆိုပါနိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းအားများအပြင် သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိကြကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ရှည်လျားသည့် ယဉ်ကျေးမှုသမိုင်းကြောင်းများနှင့် ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်စဉ်ကတည်းက ဦးတည်ချက် ၉ ရပ် ချမှတ်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးဆိုင်ရာ ဦးတည်ချက်များတွင် “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် ဦးတည်ချက်ကို အခိုင်အမာ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

ယနေ့စတင်ကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင်အဖိုးတန် ရတနာများဖြစ်သည့် သီချင်းကြီး၊ သီချင်းခံ၊ အဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနုပညာ စစ်စစ်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးအပါအဝင် မြန်မာ့တူရိယာပစ္စည်း တီးခတ်မှုပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာများဖြစ်သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာ အစရှိသော တူရိယာများကို မြန်မာသံမြန်မာဟန်ဖြင့် ယှဉ်ပြိုင်တီးခတ်မည့်ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များနှင့် ငြိမ့်ညောင်းစွာ ကပြကြမည့် အကပြိုင်ပွဲများ၊ မြန်မာအက အခြေခံဖြစ်သည့် ကဗျာလွတ်အကပြိုင်ပွဲများ၊ နှုတ်မှုစွမ်းရည်ပြ ကွက်စိပ်ပြိုင်ပွဲများ၊ ကမ္ဘာက အလေးအနက်ထားရသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာ ပြိုင်ပွဲများအပြင် အာရှတိုက်ဒေသတွင်းနိုင်ငံများက အမြတ်တနိုးတန်ဖိုးထားကြသည့် ရာမာယဏပြိုင်ပွဲကြီးကိုလည်း မူရင်းရာမာယဏဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ထူးကဲစွာ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးသည် ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟု ဆိုသော်လည်း ခေတ်အလျှောက်ပေါ်ထွန်းလာခဲ့သည့် ရသမြောက် ခေတ်ဟောင်းတေးနှင့် ကာလပေါ်တေးများအပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများကိုလည်း ခေတ်နှင့်ယဉ်ပါးသည့် ခေတ်လူငယ်များ သီဆိုယှဉ်ပြိုင်နိုင်ကြရန် ထည့်သွင်းစီစဉ်ထားပြီးဖြစ်ကြောင်း။

ဆယ်စုနှစ်သက်တမ်း ထက်ဝက်ကျော်ခန့် ရပ်နားထားခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲ၏ အားပေးချီးမြှောက်မှု၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ကြိုးပမ်းမှုနှင့် ပညာရှင်ကြီးများပံ့ပိုးမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ယနေ့အချိန်အခါတွင် ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပညာရှင်ကြီးများ၊ မျိုးဆက်သစ် ပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့အမျိုးသား ယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အနုပညာရှင်များက ဂီတစာဆို အလင်္ကာကျော်စွာ ဦးမောင်မောင်လတ် ရေးစပ်သီကုံးထားသော “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ဖွင့်ပွဲ ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြိုင်ပွဲကျင်းပရေး ဦးစီကော်မတီဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ ကော်မတီဝင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်သည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားလာစေရန် ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး စသည့် ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။