(၂၈)ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ အောက်တိုဘာလ ၁၂ ရက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့ တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါခရီးစဉ်သို့ ပြည်ထောင်စုဝန်ကြီးဦးကိုကို နှင့်အတူ အဖွဲ့ဝင်များအဖြစ် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီး၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် နှင့် ကိုယ်စားလှယ်များ လိုက်ပါသွား ကြောင်း သိရသည်။