(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၅

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ယနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဗမာ့သွေး”သီချင်း ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ခေတ်ဆန်းချိန်” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“မဟာ”သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သူဌေးဝါဒ”သီချင်းဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သုံးရောင်ခြယ်” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“ထာဝရအဓိဋ္ဌာန်”သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“ဇွဲ”သီချင်းဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပုဂံမြေ”သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။

တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲ

တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ အလွတ်တန်းအဆင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ မမြဖူးပွင့်အကအဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မပြုံးပြုံးရီအကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ ရွှေမန်းမြေကျေးလက်ယိမ်းအဖွဲ့၊ ရခိုင်ပြည်နယ်မှ ရခိုင်ရိုးရာမယိမ်တက်ယိမ်းအဖွဲ့၊ ကချင်ပြည်နယ်မှ လာချိဒ်ရိုးရာအကအဖွဲ့၊ ရှမ်းပြည်နယ်မှ ပအိုဝ်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကယားပြည်နယ်မှ ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ ထားဝယ်တိုင်းရင်းသားရိုးရာယဉ် ကျေးမှုအကအဖွဲ့၊ မွန်ပြည်နယ်မှ မွန်ရိုးရာ(၁၂)မျိုး ယိမ်းအဖွဲ့၊ ကရင်ပြည်နယ်မှ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့၊ ချင်းပြည်နယ်မှ ဆာလန်းရိုးရာအကအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မိုးဇာဗြောအကအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ ကရင် တိုင်းရင်းသားရိုးရာအကအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်နန်းစမ်းပွင့်အေး အကအဖွဲ့တို့က တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာဓလေ့စရိုက်များ ပေါ်လွင်စေမည့်အကအလှများဖြင့် အဖွဲ့လိုက်အချိုးအဆစ်ညီညာပြေပြစ် ရသမြောက်စွာ ကပြယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲ

ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ “ငါးပါဒအက္ခရာ” ဇာတ်တော်ကြီး ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ် ကျေးမှုအမွေအနှစ်များ ကို ဖော်ကျူးသည့်အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲ

ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ “ရာမာယဏ”ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုဇာတ်တော်ကြီးအဖွဲ့က မူရင်းရာမာယဏဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ် သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

အရေးပြိုင်ပွဲ

အရေးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (ယဉ်ကျေးမှုရတနာခန်းမ)၌ကျင်းပရာ အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲတွင်ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှပြိုင်ပွဲဝင်များက “အားမာန်သစ်တည် ရှေ့သို့ချီ” ခေါင်းစဉ်ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ယှဉ်ပြိုင်ကြသည်။

အိုးစည်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေး)ဇာတ်ရုံ)၌ ကျင်းပရာဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များကလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲတွင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များကလည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်အဖွဲ့များကလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များကလည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။

ဒုံမင်းပြိုင်ပွဲ

ဒုံမင်းပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထွန်းလင်းလျှံလက်” (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဒီပါဧမြ”(ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဒီပါဧမြ”(ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဟေမဝန်ချာ”(ဘွဲ့) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှပြိုင်ပွဲဝင်က “မှန်ညောင်သဉ္ဇာ”(ဘွဲ့) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီလာမြေယံ” (ကြိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီလာမြေယံ”(ကြိုး)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှန်ညောင်သဉ္ဇာ”(ဘွဲ့)ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “နှင်းယွန်းခါဟေမာန်”(ယိုးဒယား) ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်မှပြိုင်ပွဲဝင်က “ကျေးစေတမန်” (ကာလပေါ်) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “နှင်းယွန်းခါဟေမာန်” (ယိုးဒယား)ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က“တောနှင့်တောင် စွယ်”(ယိုးဒယား) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သုဝဏ္ဏသျှံ”(ကာလပေါ်) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း ) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က“နန်းသီဟိုဠ်”(ယိုးဒယား) ဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

ပလွေပြိုင်ပွဲ

ပလွေပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ချစ်သမျှကို” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “လေပြည်ဆော် သွင်းမြူး”(ယိုးဒယား)ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆဒ္ဒန် အိုင်သာ” (သီချင်းခံ) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှပြိုင်ပွဲဝင်က“ထွေတလာ”(ကြိုး) ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က“လာချေပြီ” (ကြိုး) ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကျွန်းကျွန်းပိုင်သ” (ကြိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မန်းတောင်လက်ရာ” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ချင်း ပြည်နယ်မှ ပြိုင်ပွဲဝင်က “နှင်းယွန်းဂိမ္မာန်” (မွန်) ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အောင်မြေသာစံ” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်ခန်းကျွန်းတွင်း” (ကြိုး)ဖြင့်လည်းကောင်း တီးမှုတ်ယှဉ်ပြိုင်ကြသည်။

ကွက်စိပ်ပြိုင်ပွဲ

ကွက်စိပ်ပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း)အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “မဟော်သဓာဇာတ်တော်ကြီး” ခေါင်းစဉ်ဖြင့် ဇာတ်တော်ကြီး၏ အနှစ်သာရနှင့် ဦးတည်ချက်ပေါ်လွင်အောင်  နှုတ်မှုစွမ်းရည်ပြသဟောပြော ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲများ ကျင်းပရာနေရာအသီးသီးသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ခေတ်တွင် IT နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အနောက်တိုင်းယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရေးသားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန်လိုအပ်သည်။

တိုင်းရင်းသားပြည်သူများ၏ ဇာတိသွေး၊ ဇာတိမာန်မြင့်မားရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့်ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာထွန်းကားပြန့်ပွားရေးအတွက် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုစွမ်းအားတို့ဖြင့် စေ့ဆော်စည်းရုံး မြှင့်တင်ပေးကြရမည်ဖြစ်ပြီး ပြည်သူများ၏ စိတ်ဓာတ်ရေးရာအခြေခံတွင် မျိုးချစ်စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြတ်ပြီး ရင့်သန်ခိုင်မာနေစေအောင် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများမှ တစ်ဆင့်ပညာပေးစေ့ဆော် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.