နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအကပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ပြိုင်ပွဲတွင် အလွတ်တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အကအဖွဲ့များက အဖွဲ့လိုက်တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာဝတ်စုံများ ဝတ်ဆင်၍ မိမိတို့၏ယဉ်ကျေးမှုထုံးတမ်းဓလေ့များ၊ အကအလှများ၊ ရိုးသားဖြူစင်ကြသည့် တိုင်းရင်းသားလူနေမှုဓလေ့စရိုက်များနှင့် အညာဓလေ့စရိုက်များပေါ်လွင်စေရန် အချိုးအဆစ်ညီညာပြေပြစ်စွာဖြင့် သရုပ်ဖော်ကပြ ယှဉ်ပြိုင်ကြသည်။

ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)ရှိ Signing Room ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲများ၊ News Briefing Room ၌ ဒုံမင်းအတီးပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမကို စိတ်ဝင်စားကြသည့် ဝါသနာရှင်များကလည်း တစ်ခဲနက်လာ ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.