(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထောက်အကူပြုအဖွဲ့ များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုရေးရာကိစ္စရပ်များအပါအဝင် အဘက်ဘက်တွင် လစ်ဟာမှုမရှိစေ ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျင်းပခဲ့ရာမှ မကျင်းပခဲ့သည်မှာ ကြာပြီဖြစ်သည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်းဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံအေးချမ်းသာယာရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ၏သဘာဝသယံဇာတများကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ တိုင်းပြည်၏ သမိုင်းကြောင်းရှည်လျားသည့် ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ အရှည်တည်တံ့စေရန်အတွက်ဆိုရာတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးဖြစ်သည့် နိုင်ငံသားအားလုံးက တက်ညီလက်ညီ ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည့်ကိစ္စဖြစ်ပါကြောင်း။

နိုင်ငံသားကြီးငယ်မဟူ ကျား/မ မရွေး အသိပညာရှင်၊ အတတ်ပညာရှင်များ၏ သိမြင်နှံ့စပ်မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့အကြုံရင့်ကျက်မှုများနှင့် စိတ်ရင်းစေတနာများသည် အခြေခံကျသည့် အရင်းအမြစ်များပင်ဖြစ်ပါကြောင်း၊ နိုင်ငံ၏သမိုင်းအဆက်ဆက်တွင် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသည့် အမြင်အသိကသာလက်တွေ့ကျပြီး အမှန်ကန်ဆုံးဖြစ်သည့်အတွက် နိုင်ငံနှင့်လူမျိုးအကျိုးကို တိုးတက်မြင့်မား အောင် အားလုံးကကြိုးပမ်းစွမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း။

မိမိတို့တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုအနုသုခုမများကလည်း ကွဲပြားခြားနား များပြားလှပါကြောင်း၊ အထောက်အထားများအရ မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်စဉ်များတွင် လူသားမျိုးနွယ်စတင်ခဲ့မှုနှင့်အတူ ရေမြေဒေသသဘာဝကိုလိုက်ပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနုသုခုမဆိုင်ရာ အထောက်အထားများ၊ လက်မှုအဆင်တန်ဆာအသုံးအဆောင်ပစ္စည်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများသည်လည်း တစ်ပါတည်း ဆင့်ကဲပေါ်ထွန်းလာခဲ့ပြီးဖြစ်ပါကြောင်း။

တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့ပါကြောင်း၊ အဆိုပါရှိခဲ့သည့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်းမရှိအောင် အားလုံးကဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန်လိုအပ်ပါကြောင်း။

ကွယ်လွန်သူ ဂီတပညာရှင်ကြီး စန္ဒရားဦးလှထွဋ် ရေးသားပြုစုခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားစာပေဆုချီးမြှင့်ခြင်းခံခဲ့ရသည့် “မြန်မာ့ဂီတ ရေစီးကြောင်း” စာအုပ်၌ ကမ္ဘာမှာရော မြန်မာမှာပါ Classic ဟုခေါ်သည့် ဂန္ထဝင်ဂီတပေါ်ထွန်းခဲ့သည့် ခေတ်တစ်ခေတ်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ အဆိုပါခေတ်မှာ ၁၈ ရာစုနှစ် အစောပိုင်း ကာလ၊ ဒုတိယအင်းဝဟု သတ်မှတ်သည့် ညောင်ရမ်းခေတ် ၁၇၁၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် စာဆိုတော်ဝန်ကြီး ပဒေသရာဇာက “ထံတျာတေရှင်” အစချီကြိုးသီချင်းများ၊ တျာခြင်းများ ရေးသားပြုစုနေချိန်၌ ဂျာမနီက ဂီတပညာရှင်ကြီးဘာ့(ခ်) (၁၆၈၅-၁၇၅၉) က God is My King အမည်ရှိ တေးဘွဲ့ကြီးကို သီကုံးနေချိန်ဖြစ်ပါကြောင်း။

၁၇၂၅ ခုနှစ်ဝန်းကျင်တွင် ဆီသည်ရွာစားဦးအောင်ကြီးက “အင်းဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား”  စပ်ဆိုနေချိန်၌ အင်္ဂလန်က ဂီတပညာရှင်ကြီးဟင်ဒယ်လ်က သိမ်းမြစ်တွင် ဘုရင်ရေဆင်းပွဲ သဘင်ကျင်းပသည့် “ရေဇလာဂီတ” Water Music ကို သီကုံးနေပါကြောင်း။

၁၇၈၀ ပြည့်နှစ်ခန့်တွင် ဂျာမန်ဂီတပညာရှင် မိုးဇက်က Magic Flute “မှော်ပလွေ” အော်ပရာကို ရေးသားချိန်၌ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံက “မဲဇာတောင်ခြေ” ရတုကြီးကို ရေးသားနေခဲ့ပါကြောင်း၊ ၁၉ ရာစု အစောပိုင်းဖြစ်သည့် ၁၈၀၀ ပြည့်နှစ်လွန်အချိန်များတွင် ဂျာမန်ဂီတပညာရှင် ဘေသိုဗင်ကနပိုလီယန် စစ်ချီတက်ပုံကိုရေးဖွဲ့သည့် “ရဲစိတ်ရဲမာန်”  တေးဘွဲ့ကြီးကိုရေးနေချိန်တွင် မြဝတီမင်းကြီးဦးစက “သာဆန်းရဂုံဘွေ” ပတ်ပျိုးကြီးကို ရေးဖွဲ့နေပါကြောင်း။

၁၈၄၀ ပြည့်နှစ်ကာလများက ပိုလန်စန္ဒရားပညာရှင် “ရှိုပင်” က “ညဉ့်ယံတေးများ” ဆိုသည့် တေးဘွဲ့ကိုရေးစပ်နေချိန်တွင် အနောက်နန်းမိဖုရားမမြလေးက “ချစ်သမျှကို”  ဂန္ထဝင်ပတ်ပျိုးကြီးကို ရေးသားနေချိန်ဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိထားပါကြောင်း။

ဆိုလိုရင်းမှာ ကမ္ဘာတွင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်ဂီတဟူ၍ ပေါ်ပေါက်ပြီး ယနေ့ထိတိုင် ခိုင်မြဲနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့နှင့်ခေတ်ပြိုင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်စာပေ၊ ဂန္ထဝင်ဂီတဆိုသည်များ ပေါ်ပေါက်ခဲ့ကာ ရှေးနှစ်ပေါင်းများစွာမှ ယနေ့ထက်တိုင် ခိုင်မြဲစွာတည်ရှိနေဆဲဖြစ်သည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း။

အထက်တွင်တင်ပြခဲ့သည့် ဂန္ထဝင်အနုပညာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် ၅ နှစ်ကျော်နီးပါး ရပ်တန့်ခဲ့ရသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပနိုင်ရေးအတွက် ရှုထောင့်ပေါင်းစုံက စဉ်းစားခဲ့ကြရပါကြောင်း။

အထူးသဖြင့် တစ်ဖက်တွင် နိုင်ငံနှင့်တစ်ဝန်း၊ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေကြရသည့် ကိုဗစ်-၁၉ ရောဂါ၏ ပိုးတွေ့ရှိမှုနှုန်းသည် သတိထားနေရဆဲအခြေအနေတစ်ရပ်တွင် ရှိနေသေးသော်လည်း အခြေအနေအချိန်အခါအရ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို လုပ်သင့်သည့်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သတိထားပြီး ကြိုတင်ကာကွယ်မှုများနှင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ခဲ့သည့်ကာလအတွင်း၌ ယင်းပညာရပ်များကို မြတ်နိုးဖက်တွယ်ခဲ့ကြသည့် အနုပညာရှင်အချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါကြောင်း၊ ကျန်ရှိနေသေးသည့် ပညာရှင်အများအပြားသည်လည်း အသက်အရွယ်နှင့် ကျန်းမာရေးကို အလေးထားဂရုပြုရမည့်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ သို့သော် အနုပညာမြတ်နိုးသူများ၏ သဘာဝအရ “စိတ်ပျိုရင် ကိုယ်နုတယ်” ဟူသည့် ဆိုစကားရှိသကဲ့သို့၊ မိမိတို့နှစ်သက်မြတ်နိုးသည့် အနုပညာအလုပ်များနှင့် ထိတွေ့နေရလျှင်၊ မိမိတို့သိရှိတတ်မြောက်ထားသည့် ပညာများဖြန့်ဝေနေရလျှင် အသက်ရှည်ဆေးတစ်ခုသဖွယ်ဖြစ်သည်ဟု နားလည်ထားမိကြသည့်အတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေးစဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်၍ ယခုပြိုင်ပွဲကြီးကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း။

ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက် အဓွန့်ရှည်တည်တံ့ခဲ့သည့် မိမိတို့၏ အနုသုခုမပညာရပ်များကို “မဟာ” ဟူသည့် ကြီးကျယ်မြင့်မြတ်သော ဂုဏ်ထူးဝိသေသနှင့် မဟာဂီတဟု ခေတ်အဆက်ဆက်တွင် တန်ဖိုးထားခဲ့ကြပါကြောင်း၊ ထိုသို့ တန်ဖိုးထားခဲ့ကြသည့် စာသားတေးသွားများကို ၁၉၅၃ ခုနှစ်တွင် ဝိဝါဒကွဲပြားမှုမရှိစေရန် “နိုင်ငံတော်မူ” အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပညာရှင်ကြီးများပါဝင်သည့်အဖွဲ့ကိုဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည်ဟု လေ့လာသိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် “စာသား၊ သံကျ၊ စည်းဝါး၊ အတော၊ အပိုဒ်ပြန်၊ အဆို” ဟု အပိုင်း ၆ ပိုင်းခွဲခြားပြီး စနစ်တကျ မှတ်တမ်းပြုဆောင်ရွက်ခဲ့ကြ ကြောင်းကိုလည်း လေ့လာသိရှိရပါကြောင်း၊ သံကျ၊ စည်းဝါး၊ အတော၊ အပိုဒ်ပြန် အစရှိသည် တို့သည် အတီးပိုင်းနှင့် ပို၍အဆက်အစပ်ရှိနေသည်ကို သိရှိရပါကြောင်း။

သီချင်းတစ်ပုဒ်ကို သီဆိုတီးမှုတ်ကြရာတွင် အဆိုနယ်၊ အတီးနယ်ကို စနစ်တကျ သတ်မှတ်ပိုင်းခြားထားပြီး ဖြစ်ပါကြောင်း၊ ထို့အတွက် မဟာဂီတဝင် တေးသီချင်း ၁၆၉ ပုဒ်ကို နိုင်ငံတော်မူအဖြစ် တိကျစွာသတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည့်အတွက် မွန်မြတ်သည့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှုတစ်ခုအဖြစ် ဝမ်းသာကြည်နူးဖြစ်ရပါကြောင်း။

“အဆို” နှင့်ပတ်သက်၍ အသံ၏ ပေါ်ထွန်းရာဖြစ်သည့် “လည်၊ လျှာ၊ နှာ၊ အာ၊ သွား” ဆိုတဲ့ “ဌာန်” ငါးပါးကို ပေါင်းစည်းကာအသံတို၊ အသံရှည်များနှင့် ဖွဲ့သီထား သည့် မဟာဂီတဆိုဟန်၊ ခေတ်ဟောင်းတေးဆိုဟန်၊ ကာလပေါ် တေးသီချင်း ဆိုဟန်များဟုလည်း ကွဲကွဲပြားပြားရှိထားပြီးဖြစ်ပါကြေင်း။

အလားတူ “အက” တွင်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဟူသည့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းငါးခုကို ပိုင်းခြားသတ်မှတ်ပြီး နရီ၊ စည်းဝါး၊ တေးသွားများနှင့်အတူ ကပြကြရခြင်းဖြစ်ပါကြောင်း၊ မြန်မာအကတွင် “တစ်ပင်တိုင်” အကသည် နူးညံ့သိမ်မွေ့မှု၊ ငြိမ့်ညောင်းသာယာမှု၏ စံတစ်ခုဖြစ်ပါကြောင်း၊ ပန်းချီ၏ မျဉ်းကွေး၊ မျဉ်းပျော့ပုံသဏ္ဍာန်အဝန်း၊ အဝိုင်း၊ အကွေး၊ အညွှတ်များနှင့် ကဟန်ပင်ဖြစ်ပါကြောင်း၊ မြန်မာတို့၏ ဂါရဝတရားကို အခြေခံသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို ထင်ဟပ်ထားခြင်းပင်ဖြစ်ပါကြောင်း၊ ယခု နှောင်းပိုင်းတွင် ပျိုရွယ်သူများ၏ အကသဘောမှာ သွက်လက်ဖြတ်လတ်မှုကိုအားပြုသည့် မျဉ်းအမာသဏ္ဍာန်၊ ထောင့်ချိုးသဏ္ဍာန်၊ အမာအဆတ်၊ အလိမ်အကောက်များ လွှမ်းမိုးလာခြင်းကိုလည်း ပညာရှင်ကြီးများ သတိထားမိကြမည်ဖြစ်ပါကြောင်း။

ထို့ပြင် တေးသီချင်းများရေးသားရာတွင်လည်း မြန်မာတို့၏ပေါကြွယ်ဝလှသည့် ဝေါဟာရများ၊ စာသားအဆင်တန်ဆာများ၊ အသံကာရန်သဘောညီသည့် ရေးနည်းစပ်ထုံးများကို ဂုဏ်၊ အလင်္ကာ၊ ရသမြောက်စွာ ပေါ်လွင်စေလိုသည့်အတွက် ယခုပြိုင်ပွဲကြီးတွင် “အရေး”  ပြိုင်ပွဲကဏ္ဍကိုလည်း ထည့်သွင်းထားခြင်းဖြစ်ပါကြောင်း၊ ယနေ့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရှေးယခင် ၁၉၉၃ ခုနှစ်၌ စတင်ခဲ့စဉ်ကတည်းကပါဝင်ခဲ့သည့် ပြိုင်ပွဲဝင်ဘာသာရပ်များ၊ ပြိုင်ပွဲဝင်စည်းကမ်း သတ်မှတ်ချက်များ၊ ပြိုင်ပွဲအမှတ်ပေးဇယားများအတိုင်း အားလုံး၏ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း။

အကပြိုင်ပွဲ၏ အထူးပြုဘာသာရပ်များ ဖြစ်ကြသည့် “ရာမာယဏ” ဇာတ်တော်ကြီးပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲ၊ ငါးပါဒအက္ခရာ ရုပ်စုံသဘင်ပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲ၊ မွန်တိုင်းရင်းသား ရိုးရာအကပြိုင်ပွဲ၊ မြန်မာအကအခြေခံ ကဗျာလွတ်အက ပြိုင်ပွဲများအပြင်၊ အဆိုပြိုင်ပွဲ၏ အထူးပြုဘာသာရပ်ဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး ပြိုင်ပွဲများကိုလည်း အောင်အောင်မြင်မြင် ထည့်သွင်းကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် အသွင် သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်စုံသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အရေးပါသည့်အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ လာမည့်နှစ်များတွင် ယခုထက်ပိုမိုပြည့်စုံသည့် ပြိုင်ပွဲများဖြစ်စေရေး ကြိုတင်စဉ်းစားကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများမပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ အတူတကွပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစားတည်ဆောက်သွားကြရန်၊ မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံနှင့် မိမိတို့နိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာရှင်သန်ရေးကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းသွားကြရန်၊ ဝါရင့်အနုပညာရှင်၊ သက်ကြီးအကဲဖြတ်ပညာရှင်များအနေဖြင့် မိမိတို့နှစ်ပေါင်းများစွာက လေ့လာသင်ယူခဲ့ရသည့် အနုသုခုမပညာရပ်များကို မျိုးဆက်သစ် သားငယ်၊ သမီးငယ်များထံ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းအမွေပေးဝေနိုင်ကြစေရေး တို့အတွက် မိမိတို့၏ တစ်ကိုယ်ရည်ကျန်းမာရေးမှအစ အထူးဂရုပြုစောင့်ရှောက်နေထိုင်ကြပါရန် အလေးအနက်ထားပန်ကြားလိုပါကြောင်းနှင့် ပြိုင်ပွဲကြီးအောင်မြင်အောင် ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဦးမင်းယုနှင့် အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးအောင်ကိန်းတို့ကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများနှင့် အခမ်းအနားမှူးများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အကဲဖြတ်ပညာရှင် မြင်းမူမောင်နိုင်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြ သည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ပိုမိုထွန်းကား လာစေရန် ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးစသည့် ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပခြင်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အနုပညာရှင် ၁၈၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.