ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ၌ ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲ (၆/၂၀၂၂)ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား(၆/၂၀၂၂)ကို ယောမင်းကြီးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊နေပြည်တော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က Online မှ တက်ရောက် အမှာစကားပြောကြားပါသည်။

ညွှန်ကြားရေးမှူးချုပ်က ဌာနတွင်းသုတေသနစာတမ်းဖတ်ပွဲများ ဌာနခွဲအသီးသီးတွင် ကျင်းပနေခြင်းသည် ဝန်ထမ်းများ၏သုတေသနအရည်အသွေးတိုးတက်အောင် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ သုတေသနအမြင်ဖြင့် ပိုမိုကောင်းမွန်သော သုတေသနစာတမ်းများ ပေါ်ထွက် လာအောင် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ ဌာနတွင်း သုတေသန စာတမ်းဖတ်ပွဲကို မန္တလေးဌာနခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ ယခုဆိုလျှင် (၆)ကြိမ်ရှိပြီဖြစ်ကြောင်း၊ စာတမ်း အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူးက စာတမ်းဖတ်ပွဲပြုလုပ်ရခြင်းနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲကျင်းပရာ သဘာပတိအဖြစ် ဦးပေါက်ပေါက် (ရှေးဟောင်း သုတေသန အကြံပေး ပညာရှင်)က ဆောင်ရွက်ပေးခဲ့ပါသည်။ စာတမ်းရှင်များအနေဖြင့် “အမရပူရရှိ တောင်မင်းကြီး ဘုရားသမိုင်းလေ့လာချက်စာတမ်း”ကို ဒေါ်သင်းသင်းအေး (ဦးစီးအရာရှိ)ကလည်းကောင်း၊ “ပင်လယ် (မိုင်းမော)မြို့ဟောင်းရှိတူးဖော်မှု ကုန်းများအပေါ် ကျရောက်နိုင်သော သက်ရောက်မှု (Impact)များအား လေ့လာချက် စာတမ်း”ကို ဒေါ်ဟင်္သာဝေ (ဒုတိယဦးစီးမှူး)ကလည်းကောင်း၊ “မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ဆီမီးခုံဒေသဝန်းကျင်ရှိ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အထောက်အထားများ လေ့လာချက်စာတမ်း”ကို ဦးအောင်မြတ်ကျော် (သုတေသနလက်ထောက်-၄)က လည်းကောင်း အသီးသီးဖတ်ကြား ခဲ့ကြပါသည်။ ဆက်လက်၍ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက  စာတမ်းများနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ရာတွင် မန္တလေးဌာနခွဲတွင် ယခုဆဌမအကြိမ်ထိ ဖတ်ကြားခဲ့သောစာတမ်းများကို ပြန်လည်သုံးသပ်ပါက တစ်ကြိမ်နှင့်တစ်ကြိမ် သုတေသနပြုချက်များပိုမိုပီပြင်လာကြောင်း၊ သုတေသန တင်ပြချက်များ Presentation Style များ ဆဌမအကြိမ်တွင် ပိုမိုကောင်းမွန် လာကြောင်း၊ အနာဂတ်အတွက် ဆက်လက်ကြိုးစားပေးရန်နှင့် သဘာပတိအကြံပြုချက်များ၊ Online မှ တစ်ဆင့် ဝန်ထမ်းများ၏ မေးမြန်းချက်များကို စာတမ်းနှင့်အတူပူးတွဲတင်ပြပေးရန် မှာကြားပါ သည်။ မန္တလေးဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးက တက်ရောက်လာသော သဘာပတိကြီးနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကို နေ့လည် (၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.