မဲခေါင်-လန်းချန်းပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကျင်းပနိုင်ရေးဦးစီးကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က တာဝန်ယူကျင်းပမည့် မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခု ဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းအောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့မှ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာ၌ မဲခေါင် – လန်ချန်း မြစ်ဝှမ်းတစ်လျှောက်တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် ရှေးယခင်ကတည်းက မဲခေါင်မြစ်ကို အမှီသဟဲပြု၍ အတူတကွ တည်ရှိခဲ့ ကြသော အဖွဲ့ဝင်နိုင်ငံများဖြစ်ပါကြောင်း၊ ယနေ့ခေတ်မှာ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ပွင်းလင်းမြင်သာမှုစသည့် လူမှုအသိုက်အဝန်းများ အားကောင်းလာစေရန်၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန် အရေးကြီးလာပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လက်မှုအနုပညာအချို့သည် ကွယ်ပျောက်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်လာရသောကြောင့်  ပန်းချီ၊ ပန်းပု အနုပညာလက်ရာများကို တိုးတက် လာသောခေတ်နှင့်အညီ နည်းပညာများ မြှင့်တင်ခြင်း၊ မျှဝေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် (၆) နိုင်ငံမှ ပန်းချီ၊ ပန်းပုအနုပညာရှင်လူငယ်များ ပါဝင်သော National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က တာဝန်ယူပြီး  မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေးမြို့မှာ Hybrid စနစ်ဖြင့် လက်ခံကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊

          အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သည် မဲခေါင် – လန်ချန်း အထူးရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် Lancang _ Mekong Cultural Exchange Youth Camp စီမံကိန်းနှင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် လန်ချန်း – မဲခေါင် ရုပ်သေးပွဲတော်များကို မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းသည် တတိယမြောက် ကျင်းပပြုလုပ်မည့် စီမံကိန်း ဖြစ်ပါကြောင်း၊

ထို့ကြောင့် စီမံကိန်းအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဦးစီးကော်မတီဝင်များအနေဖြင့် မိမိတို့  သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြု၍ ဖြည့်ဆည်းပေး စေလိုပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်၊  ဦးအောင်ဆန်းဦးက စီမံကိန်းအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် စီမံကိန်းကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုတင်ပြပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.