အမျိုးသားစာပေတစ်သက်တာဆုရ ဆရာမကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ်များ လှူဒါန်းခြင်း အခမ်းအနားကျင်းပ နေပြည်တော် အောက်တိုဘာလ ၂၈ ရက်

အမျိုးသားစာပေတစ်သက်တာဆုရ ဆရာမကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ်များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နေ့လည် ၂ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)၊ ရှင်းလင်းဆောင်၌    ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာမကြီး စည်သူဒေါ်ကြန်၏ကိုယ်စား တူသားဖြစ်သူ ဒေါက်တာ သန်းထွန်းအောင် က အမျိုးသား စာပေတစ်သက်တာဆုရ ဆရာမကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ်များကို လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ဆရာမကြီးသည် သမိုင်းကော်မရှင်နှင့် မြန်မာစာအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ရင်း သမိုင်းနှင့်စာပေရေးရာဆိုင်ရာ စာအုပ်စာတမ်းများစွာကို ရေးသားခဲ့ကြောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ၆ အုပ်ကို ပြုစုရေးသားခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံတွင် ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ စာအုပ်စာပေများစွာကို ရေးသားခဲ့သဖြင့် ဂုဏ်ပြုဆုများစွာကိုလည်း ရရှိခဲ့ပါကြောင်းနှင့် ထိုကဲ့သို့ ထူးချွန်ထက်မြက်သည့် စာပေသမိုင်းပညာရှင် စည်သူဒေါ်ကြန်ကို နောင်လာနောင်သား မျိုးဆက်သစ်များ အထူးသဖြင့် အမျိုးသမီးငယ်များ အားကျအတုယူ၍ ကြိုးစားလိုစိတ်ဖြစ်ပေါ်ကြစေရန်အတွက် ပြတိုက်တွင်ပြသနိုင်ရန် လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ သန်းထွန်းအောင်က အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဆုတံဆိပ်များကို လွှဲပြောင်းပေးအပ်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခု အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်းသည့် ဆရာမကြီး စည်သူဒေါ်ကြန်၏ ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များသည် ရှားပါး၍ အစားထိုးပြန်မရနိုင်သည့် အဖိုးတန်သမိုင်းမှတ်တမ်းပစ္စည်းများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သော အဖိုးတန်ပစ္စည်းများကို ကိုယ်ပိုင်သိမ်းဆည်းမထားဘဲ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် လှူဒါန်းပေးသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ ဆရာမကြီး ဒေါ်ကြန်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ပြီး အသက် ၁၀၂ နှစ်အထိ နေထိုင်ခဲ့သဖြင့် စာပေပညာရှင်များထဲတွင် အသက်အရှည်ဆုံး ပညာရှင်တစ်ဦးဖြစ်ပါကြောင်း၊ ဆရာမကြီး ဒေါ်ကြန်နှင့် ဒေါက်တာရီရီတို့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ဝိတိုရိယပြတိုက် နှင့် အယ်လ်ဘတ်ပြတိုက်မှ မြန်မာမင်းခမ်းတော်များကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည့် အကျိုးဆက်အနေဖြင့် တော်လှန်ရေးကောင်စီလက်ထက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ ယခုပြသထားသောမင်းခမ်းတော် ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်ပေးခဲ့သဖြင့် ဆရာမကြီး၏ ကျေးဇူး အများကြီး ရှိပါကြောင်း၊ ဆရာမကြီး ဒေါ်ကြန်သည် သမိုင်းသုတေသနစာတမ်းများ၊ ဆောင်းပါးများ၊ စာအုပ်များစွာကို ရေးသားစီစဉ်ပြုစု၊ တည်းဖြတ်ခြင်းများကြောင့် အမျိုးသားစာပေဆု ငါးကြိမ်၊ အမျိုးသားစာပေ တစ်သက်တာဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုတို့ကို ရရှိခဲ့သည့်အပြင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမအဆင့်)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆု၊ နိုင်ငံတော်မှ ချီးမြှင့်သော စည်သူဘွဲ့တံဆိပ်တို့ကိုလည်း ရရှိခဲ့ပါကြောင်းနှင့် အဆိုပါဆရာမကြီးရရှိခဲ့သည့် ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များစွာ ရှိသည့် အနက်မှအချို့ကို ယခုကဲ့သို့ အမျိုးသား ပြတိုက်(နေပြည်တော်)သို့ လှူဒါန်းပေးသည့်အတွက်လည်း လွန်စွာကျေးဇူးတင်၊ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါ သည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ဆရာမကြီး စည်သူဒေါ်ကြန်၏ကိုယ်စား ဒေါက်တာ သန်းထွန်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

သတင်းစဉ်