သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ်၊ သတ္တရသမအကြိမ်၊ ၁၇ ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ နေပြည်တော် နိုင်ဝင်ဘာလ ၄ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ်၊ (၁၇) ကြိမ် မြောက်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီတွင် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တက်ရောက်နေရာယူကြပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။

အဆိုပါ အခမ်းအနားသို့ ပျဉ်းမနားမြို့၊ ပုဗ္ဗသီရိမြို့နယ်၊ အဘယာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဉ္ဇန အမှူးပြုသည့် ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး (၉) ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဦးစွာ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အနုပညာဦးစီးဌာနမှ ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ “ ထူးမခြားနား ” သီချင်းခံသုံးပိုဒ်ဖြင့် ဖွင့်လှစ်ပူဇော်သည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက နေပြည်တော်၊ ပျဉ်းမနားမြို့၊ အဘယာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဥ္ဇနမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ  ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော် များကို နာယူကြပါသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီးတို့က ကထိန်ခံ နေပြည်တော်၊ ပျဉ်းမနားမြို့၊ အဘယာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဉ္ဇနနှင့် ကထိန်ခံလယ်ဝေးမြို့ အင်တိုင်းသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီးက ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကေသရိန္ဒထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းတို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့်ဇနီးက ရွှေဥဒေါင်း (အထက်ကျောင်း)ဆရာတော် ဘဒ္ဒန္တကေသရသာရ ဆရာ‌‌တော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းတို့အားလည်းကောင်း ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

အသီးသီး ဆက်ကပ်

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်း ကြသည်။

ရေစက်သွန်းချ အမျှဝေ

ထို့နောက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒ က ကထိန်အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                          

Be the first to comment

Leave a Reply

Your email address will not be published.