သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုယဉ်ကျေးမှုအမွေအနှစ်များအတွက် ဘေးအန္တရာယ်ကျရောက်ခြင်းနှင့်  ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်  ပုဂံရှေးဟောင်းသုတေသနပြတိုက် ၊ နိုဝင်ဘာ  ၉

ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ အစည်းအဝေးခန်းမ၌ (၉.၁၁.၂၀၂၂) ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့အမွေအနှစ်ဒေသယဉ်ကျေးမှုအမွေအနှစ်များအတွက် ဘေးအန္တရာယ်ကျရောက်ခြင်း နှင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်  မြန်မာနိုင်ငံမြေငလျင်အသင်းတို့မှ ပညာရှင်များ၊    ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊  ဆက်စပ်ဌာနများမှ တာဝန်ခံများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ(ဒေသခံ) ကော်မတီဝင်များ၊ ပရဟိတ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင် ကာကွယ် ရေးအပါအဝင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက် သည့်အခါတွင်လည်း ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအစီအမံများအပါအဝင် လိုအပ်ချက်များကို ကြိုတင်လျာထားစီစဉ် ရေးဆွဲထားသည့်  လုပ်ငန်း ဖြစ်ပါကြောင်း၊ ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးရသည့် အကြောင်း အရင်းများကို လေ့လာသည့်အခါတွင် သဘာဝဘေးအန္တရာယ် အချက်အလက်များထဲတွင် ပါဝင်သည့် ငလျင်လှုပ်ခြင်း၊ ရာသီအလိုက်သက်ရောက်မှုများ၊ မိုးရေကြောင့်ပျက်စီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေဝပ်ခြင်း၊ သဘာဝပေါက်ပင်များ၊ တိရစ္ဆာန်များနှင့် ပိုးမွှားများကြောင့်အပြင် ရှေးဟောင်း အဆောက်အအုံ၏ သက်တမ်းရှည်ကြာမှုနှင့် ဗိသုကာဟန်အနေအထားအချို့ကြောင့် ထိခိုက် ပျက်စီး မှုဖြစ်ခြင်း၊ မသမာသူ အချို့ကြောင့် ပျက်စီးခြင်း၊ အက်ကွဲကြောင်းများမှတဆင့် ထိခိုက်မှုရှိနိုင်ခြင်း၊ အုတ်အဟောင်းနှင့် အုတ်အသစ်များ တွဲဆက်မှု အားနည်းခြင်း၊ အလေးဝန်များခြင်း၊ တုန်ခါမှုကြောင့် ထိခိုက်ခြင်းနှင့် အချို့ ရှေးဟောင်းအဆောက်အအုံများသည် လူနေထိုင်မှုနီးကပ်သည့် ဧရိယာတွင် တည်ရှိနေခြင်းများသည် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးရသည့် အကြောင်းအရင်းများ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက်(၃၈၉)ဆူ ထိခိုက်မှုရှိခဲ့ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နိုင်ရန် အတွက် “ငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများနှင့် သာသနိက အဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ”၊ “ပညာရှင်အဖွဲ့ TET (Technical Expert Team) အပါအဝင် အဖွဲ့များ၊ ကော်မတီများ ”ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပညာရပ်ဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာမှ ထိရောက် သည့် ပံ့ပိုးကူညီမှုများ ရရှိနိုင်စေရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပါဝင်သည့် “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (International Coordinating Committee, ICC)”ကိုလည်း ဖွဲ့စည်းခဲ့ပြီး ကော်မတီအစည်းအဝေးကို ဒုတိယအကြိမ်အထိ ကျင်းပ နိုင်ခဲ့ပါကြောင်း၊  (၄) နှစ်စီမံကိန်း ရေးဆွဲ၍ ပညာရှင်များ၏ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ရာ သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရား ပုထိုး(၃၈၈) ဆူကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအဆင့် ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့ပါကြောင်း၊  ၂၀၂၁ခုနှစ် နိုဝင်ဘာလမှ ယခုအချိန်အထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ထပ်မံတွေ့ရှိသည့် ဘုရား (၃၀)ဆူအနက် ပြုပြင်ပြီး (၈)ဆူ၊ ဆောင်ရွက်ဆဲ (၉)ဆူ၊ ဆောင်ရွက်ရန် ကျန် (၁၃)ဆူ ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ခံ ပုဂံစေတီပုထိုးများကို ပြုပြင်ထိန်းသိမ်း ရာတွင် UNESCO က ရေးဆွဲပေးခဲ့သော ငလျင်အလွန် ပြုပြင် ထိန်းသိမ်းရေးလမ်းညွှန်ချက်စံနှုန်းများနှင့် အညီ ပြုပြင်ထိန်းသိမ်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ နောင်ထပ်မံကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နယ်မြေတွင်းရှိ ဧည့်လမ်းညွှန်အသင်းနှင့် ဒေသခံများ၏ ကွင်းဆင်းတွေ့ရှိမှုအရ ပြုပြင်ရန်လိုအပ်သည့် ရှေးဟောင်းအဆောက်အအုံ (၁၁၀) ဆူကိုလည်း ကြိုတင်ပြုပြင်ထိန်းသိမ်း ခဲ့ပါကြောင်း၊ ပုဂံသည် မှတ်တမ်းများအရ နှစ် ၂၀၀ တစ်ကြိမ် ဆိုသကဲ့သို့ ငလျင်ကြီးများ လှုပ်ခဲ့မှုကြောင့် ငလျင်ဆိုင်ရာအခြေပြမြေပုံလိုအပ်သည့်အတွက် Technical Expert Team ၏ ဦးဆောင်မှုဖြင့် ငလျင်ဆိုင်ရာအခြေပြမြေပုံ (အပိုင်း ၁) ကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ငလျင်အသင်း၊ စင်ကာပူနိုင်ငံရှိ Earth Observatory of Singapore တို့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ဘုရားစေတီ (၄၄) ဆူအတွက် Report on Seismic Hazard and Vulnerability Assessment for Bagan  စာအုပ်ပုံနှိပ်ထုတ်ဝေခဲ့ပြီး အပိုင်း (၂) ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ်များက မြို့ပြဖွံ့ဖြိုးတိုးတက်မှု အတွက် တည်ဆောက်ခဲ့သည့်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကတ္တရာလမ်းများ ဆောင်ရွက်ခြင်း တို့ ကြောင့် ပုဂံခေတ်ကတည်းကတည်ရှိခဲ့သည့် တုရင်တောင်ခြေမှပုဂံကျုံးအထိ ရေစီး လမ်းကြောင်းများ ပိတ်ဆို့ကုန်ပြီး သဘာဝရေစီးဆင်းမှုကို အဟန့်အတားဖြစ်ကာ စူဠာမဏိဘုရား၊ ရွှေနန်းရင်တော၊ အနော်ရထာလမ်းအချို့နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပုဂံခေတ်ကတည်းက တည်ရှိခဲ့သည့်  ရေစီမံခန့်ခွဲမှု ရေသွင်း၊ ရေထုတ်စနစ်များကို ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက လွန်ခဲ့သည့် (၁၀) နှစ်ကျော် ကာလကတည်းက သုတေသနပြုထားပါကြောင်း၊ ထို့ကြောင့် ရေရှည်တွင် ရေကြီးရေလျှံမှုများကို ကာကွယ်နိုင်ရန်နှင့် ပုဂံခေတ် ရေစီမံခန့်ခွဲမှုကို ပြန်လည်ဖော်ထုတ်ပြုပြင်လိုက်ပါက ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ ကာကွယ်နိုင်မည်ဖြစ်၍ အီတလီ နိုင်ငံမှ ရေအရင်းအမြစ်စီမံခန့်ခွဲမှု ပညာရှင် Professor Massimo Sarti ကို ၂၀၂၂ ခုနှစ်တွင် (၂) ကြိမ် ဖိတ်ကြားပြီး ကွင်းဆင်းလေ့လာခြင်း၊ စောင့်ကြည့်ခြင်း၊ သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေကြီး၊ ရေလျှံမှုနှင့် လူတို့ပြုလုပ်မှုကြောင့် ဖြစ်ရ သည့် ရေဝပ်မှုများကြောင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိစေရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍ ကြိုတင်ကာကွယ်မှုများ၊ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း၊ ပြုပြင်ပေးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ယခုနှစ် မိုးရာသီတွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှု မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် သည် ယဉ်ကျေးမှုအမွေအနှစ်များကို အလွန်ထိခိုက်ပျက်စီးမှု ကြီးမားစေသဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲ မှ ထိရောက်သော ရလဒ်များ ဆွေးနွေး၍ ရေတို၊ ရေရှည်အစီအစဉ်များ ရေးဆွဲပြီး ကြိုတင်ကာကွယ် ခြင်း၊ ကုစားခြင်းများအတွက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ရာ၌ Technical Expert Team တွင် ပါဝင်ကွင်းဆင်းစစ်ဆေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ပေးပါသော UNESCO ၊  နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာနိုင်ငံငလျင်အသင်း၊ နည်းပညာတက္ကသိုလ် များ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂံဒေသသို့ အကြိမ်ကြိမ်လာရောက် အကြံပြုပေးခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုအလုပ်ရုံ ဆွေးနွေးပွဲ တွင်လည်း အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်အသုံးပြု စီမံခန့်ခွဲနိုင်ရန် ဝိုင်းဝန်းဆွေးနွေး အကြံပြု ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ပြည်ထောင်စုဝန်ကြီးသည် (၉.၁၁.၂၀၂၂) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင်  ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ အစည်းအဝေးခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လက်အောက်မှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် သာသနာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏လက်ရှိအခြေအနေ၊ ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေနှင့်စည်းကမ်းများ၊ ဌာန၏လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးအတွက် သာသနာရေးဆိုင်ရာလုပ်ငန်းများ၊ သုတေသနလုပ်ငန်း၊ ထိန်းသိမ်းရေးလုပ်ငန်း၊ ပြတိုက်လုပ်ငန်းများအား စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးမှတ်သားသွား ရန်နှင့် လုံခြုံရေး ဂရုပြုရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ နားလည်မှုစာချွန်လွှာရေးထိုး၍ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မည့် တရုတ် ပညာရှင်အဖွဲ့၏ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ဒေသတွင်ဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်များ ကြားတွင်ဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အမွေအနှစ်များ ထိခိုက်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ အိမ်ရှင်နိုင်ငံဌာနဖြစ်သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ ဘုရားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

              ၎င်းနောက်   ၂၀၂၁ ခုနှစ်၏ ပိုမိုသည်းထန်စွာရွာသွန်းခဲ့သည့် မိုးကြီးမှုကြောင့် အနော်ရထာ လမ်းဘေးဝဲယာတွင် ရေဝပ်၊ ရေလျှံ၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ နောင်တွင် ထပ်မံမဖြစ်ပွားစေရေး အတွက် ပညာရှင်များ စစ်ဆေးအကြံပြုချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အနော်ရထာလမ်းပေါ်ရှိ ရွာဟောင်းကြီးဘုရားအနီးနှင့် ပုဂံမျှော်ဘုရားအနီး လမ်းမပေါ်တွင် လုပ်ငန်း ဆောင်ရွက်ရာသို့  လည်းကောင်း၊ ပုဂံညောင်ဦးမြို့ရှောင်လမ်းရှိ ဌာနပိုင်အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လည်းကောင်း၊ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။   ပြည်ထောင်စုဝန်ကြီးက  သတ်မှတ်အရည် အသွေး ပြည့်မီရေး၊ သတ်မှတ်ဘတ်ဂျက် ကာလအတွင်း ပြီးစီးရေး၊ ယဉ်ကျေးမှုအမွေအနှစ် အပေါ် မထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ရေးတို့ လမ်းညွှန်မှာကြားခဲ့ကြောင်း  သတင်းရရှိပါသည်။