သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်း ရေးဥပဒေပုဒ်မ ၃၄/ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ ၁၂၄ လုံးကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ရာ ယင်းရှေးဟောင်းအဆောက်အအုံများတွင် ပါဝင်သည့် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ကမ်းနာလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) အဆောက်အအုံများတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ အချိန်တွင် သက်ဆိုင်ရာ အဆောက်အအုံ များ၌ ကျင်းပပြုလုပ်သည်။

ကမ္ပည်းမော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ( ဒုတိယမြို့တော်ဝန် ) ဦးညီညီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကြွယ်ဝလှသည် ယဉ်ကျေးမှုအမွေအနှစ်များ သမိုင်း မတင်မီခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု များတဆက်တစပ်တည်း ထွန်းကားခဲ့ကြောင်းကို ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်တွေ့ရှိမှုများက သက်သေပြလျက် ရှိပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က တည်ဆောက်ထားရှိခဲ့တဲ့ ရှေးဟောင်းမြို့ပြ ယဉ်ကျေးမှု အမွေအနှစ်နှင့် အနောက်တိုင်း ယဉ်ကျေးမှု အမွေအနှစ်လက်ရာ အငွေ့အသက် များပါရှိတဲ့ ရှေးဟောင်း အဆောက်အအုံ များသည် ရန်ကုန်မြို့ အပါအဝင် အခြားသော မြို့များမှာ တည်ရှိနေသည်ကို အားလုံး သိရှိကြမည် ဖြစ်ပါကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ စုံလင်စွာ တည်ရှိနေနှင့် ပြီးသော နိုင်ငံတွင် ရှေးဟောင်းလက်ရာတွေ မပျောက်မပျက် ရေရှည်တည်တံ့နေစေရန် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရမည်လည်း ဖြစ်ပါကြောင်း၊ အဆိုပါ အမွေအနှစ်များကို နောင်မျိုးဆက်သစ် များအတွက် လက်ဆင့် ကမ်းနိုင်ရေးနှင့် ဆက်လက်တည်တံ့နေစေရေးမှာ နိုင်ငံတော်နှင့် ပြည်သူလူထုတို့အတွက် အလွန် အရေးကြီးသဖြင့် အဖက်ဖက်က ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်လည်း ဖြစ်ပါ ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး မြန်မာနိုင်ငံ အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုတွင် နှစ်တစ်ရာ သက်တမ်းအထက်ရှိ အဆောက်အအုံ ပေါင်း (၂၀၈)လုံး ကို ရှေးဟောင်း အဆောက်အအုံအဖြစ် အမိန့်ကြေငြာစာထုတ်ပြန် သတ်မှတ်ခဲ့ ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရှေးဟောင်းအဆောက်အအုံပေါင်း (၁၂၄)လုံးကို သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို ဥပဒေ၊ နည်းဥပဒေများ ဖြင့် ကာကွယ်စောင့်ရှောက်သည့်အပြင် ရှေးဟောင်း အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရာမှာလဲ ရှေးဟောင်းလက်ရာတွေ မပျောက်မပျက်စေရေးအတွက်နှင့် အဆိုပါ ရှေးဟောင်း အဆောက်အအုံများသည် ရှေးဟောင်းအဆောက်အအုံများဖြစ်ကြောင်း ထင်ရှား သိသာစေရန် ဖော်ပြထားဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ သို့မှသာ ရှေးဟောင်းအဆောက်အအုံများ၏ ပုံသဏ္ဌာန်၊ တည်ဆောက်ပုံ နည်းစနစ်၊ မူလလက်ရာ များရဲ့ တန်ဖိုးအခြေအနေများကို သိရှိပြီး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားနိုင်ကြမှာလည်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်း မြို့ပြအဆောက်အအုံများဟာ တည်ဆောက်စဉ် ကတည်းက အသုံးပြုမယ့် အဆောက်အအုံရဲ့ ရည်ရွယ်ချက်အတိုင်း သေသေချာချာ စဉ်းစား၍ ဒီဇိုင်း ရေးဆွဲခဲ့ပြီး တည်ဆောက်ခဲ့ကြသည်ကို လည်း ထင်ရှားစွာ မြင်တွေ့ရပါကြောင်း၊ အဲ့ဒီအပြင် ရှေးဟောင်း မြို့ပြ အဆောက်အအုံတွေကို ခေတ်အဆက်ဆက်နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြပြီး မူလပုံသဏ္ဌာန်အတိုင်း မူလလက်ရာများအတိုင်း ထိန်းသိမ်းပြုပြင် လာခဲ့ကြတာ ကြောင့်လည်း ယခုအချိန်အထိ မူလ လက်ရာများကို မျက်ဝါး ထင်ထင် တွေ့မြင်လေ့လာနိုင်ကြတာလည်း ဖြစ်ပါကြောင်း၊ ယနေ့မှာတော့ ရှေးဟောင်း အဆောက် အအုံ‌တွေ ဖြစ်တဲ့ အမျိုးသားစာကြည့်တိုက် ၊ အကောက်ခွန်ရုံးနှင့် ဝန်ကြီးများရုံး(အတွင်းဝန်) အဆောက်အအုံ တို့ကို ရှေးဟောင်း အမွေအနှစ်အဆောက်အအုံများ အဖြစ် ကမ္ပည်းမော်ကွန်း ကြေးပြားများ တပ်ဆင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်မြို့မှာ တည်ရှိနေတဲ့ နှစ်တစ်ရာကျော် သက်တမ်းရှိ အဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး ရှေးဟောင်း အဆောက်အအုံကမ္ပည်းကြေးပြားများ တပ်ဆင်ရတာကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာ ရှေးဟောင်းလက်ရာတွေ ခေတ်အဆက်ဆက် တည်ရှိခဲ့တာကို သိရှိလေ့လာကြရမှာ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့မှာ သမိုင်းဝင် အထင်ကရ အဆောက်အအုံများ တည်ရှိပြီး၊ အဆိုပါ အဆောက်အအုံများသည် ရှေးဟောင်း အမွေအနှစ်တန်ဖိုး၊ သမိုင်းဆိုင်ရာ တန်ဖိုးနှင့် ဗိသုကာ လက်ရာ ဆိုင်ရာ တန်ဖိုးရှိသည့် အဆောက် အအုံများဖြစ်သည့်အတွက် ဖျက်ဆီး မခံရရေး၊ သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ဖြိုဖျက် မခံရရေး၊ အထူးသဖြင့် သမိုင်းတန်ဖိုးရှိသည့် ရှေးဟောင်း အဆောက်အအုံများ ပျက်ဆီးဆုံးရှုံးမှုမရှိရန်အတွက် အလေးထား ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရာမှာလည်း လက်ရှိ ထိန်းသိမ်း စောင့်ရှောက်သူများ၊ ပုဂ္ဂလိကပိုင်ရှင်များသာမက ပြည်သူလူထုကပါ အသိပညာ ရှိရှိ၊ တာဝန်သိသိဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ပါက ပိုမိုထိရောက် အောင်မြင်ပြီး အဓွန့်ရှည်ကြာ တည်တံ့သွားနိုင်မှာဖြစ်လို့ အများပြည်သူတစ်ရပ်လုံး ပါဝင်ရေး တိုက်တွန်းမှာကြားပါသည်။

သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ဖြိုဖျက်မခံရရေး၊ အထူးသဖြင့် သမိုင်းတန်ဖိုးရှိသည့် ရှေးဟောင်း အဆောက်အအုံများ ပျက်ဆီးဆုံးရှုံးမှုမရှိရန်အတွက် အလေးထား ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရာ မှာလည်း လက်ရှိ ထိန်းသိမ်း စောင့်ရှောက်သူ များ၊ ပုဂ္ဂလိကပိုင်ရှင်များသာမက ပြည်သူလူထုကပါ အသိပညာ ရှိရှိ၊ တာဝန်သိသိဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ပါက ပိုမိုထိရောက် အောင်မြင်ပြီး အဓွန့်ရှည်ကြာ တည်တံ့သွားနိုင်မှာဖြစ်လို့ အများပြည်သူတစ်ရပ်လုံး ပါဝင်ရေး တိုက်တွန်းမှာကြားပါသည်။

ဆက်လက်၍ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဝင်းသိန်း ကလည်း ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင်ရခြင်း နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် က ရှေးဟောင်းအဆောက်အအုံများတွင် ကမ္ပည်းမော်ကွန်း တပ်ဆင်ရခြင်း ရည်ရွယ်ချက်တို့နှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကုန်သည်လမ်းရှိ အမျိုးသား စာကြည့်တိုက် (ရန်ကုန်) ၊ ကမ်းနာလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) အဆောက်အအုံတို့ကို အစဉ် အတိုင်း ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး၊ အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပါသည်။ အစီအစဉ်အရ အဆောက်အအုံ (၃)လုံး ကို လက်ရှိ ထိန်းသိမ်းစောင့်ရှောက်နေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ ကလည်း ကျေးဇူးတင်စကား အသီးသီး ပြန်လည်ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အကောက်ခွန်ရုံး အဆောက်အအုံ ကမ္ပည်းကြေးပြားတပ်ဆင်အပြီးတွင် အကောက်ခွန်ရုံး အတွင်း ခင်းကျင်းပြသထားရှိသည့် အကောက်ခွန်ပြခန်းအတွင်း လှည့်လည် ကြည့်ရှု လေ့လာကြပါ သည်။

ယနေ့အမွေအနှစ် ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်သည့် အမျိုးသားစာကြည့်တိုက်သည် ၁၉၀၈ခုနှစ်က ဗြိတိသျှရေနံစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဘီအိုစီကုမ္ပဏီ၏ ရုံးစိုက်ရာ အဆောက် အအုံဖြစ်ခဲ့ခြင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် မြန်မာ့ရေနံ့နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဆောင်ရွက်ရာ ရုံးဌာနတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အမျိုးသားစာကြည့်တိုက်အဖြစ် ယနေ့တိုင် ဖွင့်လှစ်လျက်ရှိပါသည်။ အဆိုပါ ပင်မ အဆောက်အအုံသည် စတုရန်းပုံ (၄) ထပ် အဆောက်အအုံ ဖြစ်ပြီး၊ ပင်မအဆောက်အအုံနှင့် တွဲလျက်အဆောင် နှစ်ဆောင် ပါရှိကာ မျက်နှာစာနှစ်ဖက်တွင် ဆင်ဝင် ဝင်ပေါက် နှစ်ပေါက်ပါရှိပြီး၊ မြေညီထပ်မျက်နှာစာတွင် အဆောက်အအုံ အမှတ်ကို အင်္ဂတေဖောင်းကြွစာလုံးဖြင့် ရေးထိုးထားခြင်း၊ မျက်နှာစာ တိုင်လုံးကြီး များကို အင်္ဂတေကွက်များနှင့် ဖောင်းကြွအင်္ဂတေပန်းလက်ရာများ ပေါင်းစပ်၍ ရိုးရှင်းစွာ ပုံဖော်ထားကာ ဘေးဖက်တွင် မုခ်ခုံးပုံစံ ဝင်ပေါက်ကြီးများကို သံပန်းလက်ရာများနှင့် လှပစွာ ပုံဖော် တန်ဆာဆင်ထားခြင်း၊ အတွင်းပိုင်းတွင် ကျွန်းလက်ရန်းလှေကားကြီး ကိုလည်း မူလအတိုင်း ရှိနေသေးသည်ကို တွေ့ရှိရ သည်။ အဆောက်အအုံ ၏ အမိုးထပ်ဘေးနှစ်ဖက်တွင်မျှော်စင် အဆောင်ငယ် နှစ်ဆောင်ပါ ထည့်သွင်း ဆောက်လုပ်သည့် ဗိသုကာလက်ရာကိုလည်း တွေ့ရှိရပါသည်။

ရှေးဟောင်းအဆောက်အအုံ စာရင်းဝင်ဖြစ်သည့် အကောက်ခွန်ရုံးသည် ယခင် ၁၈၅၃ ခုနှစ်က တည်ဆောက်ခဲ့ သည့် သစ်သားအဆောက်အအုံနေရာတွင် ယခုမြင်တွေ့နေရသည့် အဆောက်အအုံ ကို ၁၉၁၃ ခုနှစ်မှ စတင်ကာ ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်၊ ကိုလိုနီခေတ် အဆောက်အအုံ ဗိသုကာလက်ရာပုံစံများထဲမှ အလွန်လက်ရာမြောက်သော ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည့် ၄-ထပ် အုတ်နီရောင် အဆောက်အအုံကြီးဖြစ်ကြောင်း၊ မျက်နှာစာဖက်တွင် နာရီစင်ပါရှိသည့် မျှော်စင် အဆောင်နှင့် အလင်းနှင့် လေဝင်လေထွက် ကောင်းစေရန်လည်း ထည့်သွင်းတည်ဆောက်ထား ကြောင်း တွေ့ရှိရ ပါသည်။

ဝန်ကြီးများရုံးဖြစ်သည့် အတွင်းဝန်ရုံးသည် ရှေးယခင်ကတည်းက မြင်းခင်းသဘင်ကျင်းပခဲ့သည့် နေရာဖြစ် ကြောင်း၊ ယခု အဆောက်အအုံကို ၁၈၈၉ ခုနှစ်မှ စတင်ကာ ၁၉၀၅ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ကြောင်း၊ အနောက်တိုင်းလက်ရာ ပြည့်စုံစွာဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားကြောင်း၊ မြန်မာတို့၏ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပေါ်ပေါက်လာရေး အတွက် ကြိုးပမ်းအား ထုတ်ခဲ့ရာ နေရာဖြစ်ကြောင်း၊ နိုင်ငံခေါင်းဆောင်ကြီးများ နိုင်ငံ့အရေး ဆောင်ရွက်နေစဉ် လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်နေရာလည်း ဖြစ်သည့်အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတို့၏ လွတ်လပ်ရေးကို ဦးဆုံး ထုတ်ပြန် ကြေငြာ ခဲ့ရာ နေရာလည်းဖြစ်ခဲ့ပါကြောင်းသိရှိရပါသည်။

ယနေ့ကမ္ပည်းမော်ကွန်းတပ်ဆင်ခဲ့တဲ့ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများဟာ ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံတဝှမ်းလုံးမှာလည်း မြောက်မြားစွာ တည်ရှိနေတဲ့အတွက် ရှေးဟောင်းအဆောက်အအုံများအပါအဝင် ယဉ်ကျေးမှု အမွေအနှစ် များကို နောင်မျိုးဆက်သစ်များ တိုင်အောင် ရေရှည်တည်တံ့စေဖို့အတွက် နိုင်ငံတော်နှင့် အတူ ပြည်သူတရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင် ကာကွယ်ထိန်းသိမ်းသင့်ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.