သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်သို့ သွားရောက်စစ်ဆေးခြင်းနှင့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ကဇာတ်အား ကြည့်ရှုခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၁:၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိကာ အရှေ့ပိုင်းမင်းခန်းတော်ဆောင်များ၊ မိဖုရားဆောင်များ၊ အနောက်ပိုင်းမင်းခန်းတော်ဆောင်များ၊ နန်းတွင်းကျောက်စာရုံ (၁)(၂)၊ အမြောက်ပြတိုက်၊ နန်းမြင့် မျှော်စင်နှင့် မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ ဂူဗိမာန်တော်များကို လှည့်လည်ကြည့်ရှုစစ်ဆေး ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြနန်းစံကျော်ရွှေနန်းတော်သည် ကုန်းဘောင်ခေတ်၏ နောက်ဆုံးဖြစ်သော နန်းတော်ကြီးဖြစ်ကြောင်း၊ မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို သက်သေ ဖော်ညွှန်းရာ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် စိတ်ဓာတ်များ ရှင်သန်ဖြစ်ပေါ်စေရန် လှုံ့ဆော်ကူညီနိုင်သော၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ မြန်မာတို့၏ အမွေအနှစ်အစစ်အမှန်ဖြစ်သော၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး၊ ဗိသုကာနှင့်အနုလက်ရာတန်ဖိုးများပြည့်ဝသော နန်းတော်ကြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဝန်ထမ်းများသာမက မြန်မာနိုင်ငံသားအားလုံး မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ကြရန်လိုကြောင်း Forbidden City ကဲ့သို့ သက်ရှိသက်မဲ့များဖြင့် ဖန်တီးပြသနိုင်ပါက လေ့လာ ကြည့်ရှုသူများ ပိုမိုစိတ်ဝင်စားပြီး နိုင်ငံတော်ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများကို မှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနက အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ အများပြည်သူတို့ကို တင်ဆက်ကပြမည့် “အသက်ထက် မြတ်သော ဂုဏ်သိက္ခာ” ကဇာတ်ကို မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးမောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ၁၃:၀၀ နာရီတွင် ကြည့်ရှုပါသည်။

          အဆိုပါ ကဇာတ်သည် ပြည်တွင်းအင်အားဖြင့် ဖြေရှင်းနိုင်သောကိစ္စကို တိုင်းတစ်ပါး အားကိုးဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာဖောက်၍ မှားယွင်းပြုမူခဲ့သော အမှုကိစ္စအတွက် မျက်မှောက်ခေတ် အခြေအနေနှင့်ထင်ဟပ်၍ သင်ခန်းစာယူတတ်ကြစေရန် ဖြစ်ရပ်မှန်သမိုင်းနောက်ခံ တင်ဆက်ဖျော်ဖြေသော ကဇာတ်ဖြစ်၍ နေပြည်တော်တွင် (၂)ကြိမ် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ယခုမန္တလေးမြို့၊ အမျိုးသား ကဇာတ်ရုံတွင် (၂)ကြိမ် ထပ်မံဖျော်ဖြေတင်ဆက် ခြင်းဖြစ်ကြောင်းနှင့် အခြားနေရာများတွင်လည်း ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်လျက်ရှိပါကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.