သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကျင်းပ မန္တလေး၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် တော်ဝင်သံတဲကျောင်းဆောင်တွင် ရှေးဟောင်းအမွေအနှစ် ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကို အ.ထ.က (၁၀) တော်ဝင်သံတဲကျောင်းဝင်းအတွင်း၌ ၉.၁၂.၂၀၂၂ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ပထမပိုင်းအနေဖြင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ မြနန္ဒာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ တော်ဝင်သံတဲကျောင်းတော်သည် မန္တလေးရတနာပုံ မြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် သီပေါမင်းအပါအဝင် မင်းညီ မင်းသားများကို လက်တင်စာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သင်္ချာ၊ နိုင်ငံသမိုင်းစသော ဘာသာရပ်များကို သင်ယူနိုင်ရန် ၁၈၆၉ ခုနှစ်တွင် ဒေါက်တာ မတ်ကို ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းတော်ကြီး ဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိပြီဟု သိရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ်နှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ ထို့ကြောင့် နှစ်(၁၀၀)ကျော် သက်တမ်းရှိ တော်ဝင်သံတဲကျောင်းဆောင်သည် ရှေးဟောင်းအဆောက်အအုံများ၏ ပုံသဏ္ဌာန် တည်ဆောက်ပုံ နည်းစနစ်၊ မူလလက်ရာများ၏ တန်ဖိုးအခြေအနေများကို သိရှိပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက် သွားနိုင်ကြမှာလည်းဖြစ်ပါကြောင်း၊ ထို့ပြင် ရှေးဟောင်း အဆောက်အအုံကို ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြပြီး မူလပုံသဏ္ဌာန်အတိုင်း၊ မူလလက်ရာ အတိုင်း ထိန်းသိမ်းပြုပြင် လာခဲ့ကြတာကြောင့်လည်း ယခုအချိန်ထိ မူလလက်ရာများကို မျက်ဝါးထင်ထင်တွေ့မြင် လေ့လာနိုင်ပါကြောင်း၊ ရှေးဟောင်းအမွေအနှစ်များကို ပြည်သူများ သိရှိလေးစားတန်ဖိုးထားတတ်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းသာမက သက်ဆိုင်ရာ ဌာနအသီးသီးနှင့် အများပြည်သူများမှလည်း အမျိုးသားရေးလုပ်ငန်းတာဝန်တစ်ရပ် အနေဖြင့်ကဏ္ဍအသီးသီးမှ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်၍ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

          မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တော်ဝင် သံတဲကျောင်းတော်ကြီးသည် ယဉ်ကျေးမှုမြင့်မားသော ကျောင်းတစ်ကျောင်းဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်ဖြစ်သကဲ့သို့ မြန်မာမင်းညီမင်းသားများနှင့် ယင်းတို့၏ ဆွေတော် မျိုးတော်များတက်ရောက်ခဲ့သည့် ကျောင်းဖြစ်သည့်အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၄(ခ)အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုလိုနီခေတ် အဆောက်အအုံ ၃၃ လုံးကို ၈.၄.၂၀၂၂ ရက်နေ့တွင် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ရာ ယခုကျောင်းတော်ကြီးလည်းအပါအဝင်ဖြစ်သောကြောင့် မန္တလေးမြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ကမ္ပည်းမော်ကွန်းကြေးပြားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်သံတဲကျောင်း အပေါ်ထပ်ရှိ ရတနာပုံခေတ်ပြခန်း၊ ဒိုင်အိုစီဇင်ဓာတ်ပုံပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.