(၁၆)ကြိမ်မြောက်ပန်းချီ၊ပန်းပုလက်ရာမွန်ပြပွဲနှင့်ဂီတ၊သဘင်၊ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနား

ဒီဇင်ဘာလ( ၈ )ရက်   ၊မန္တလေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ (၁၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက်လာသူများက ပန်းချီ၊ ပန်းပု လက်ရာမွန်များကို ကြည့်ရှုအားပေးပြီး ကျောင်းဆင်းနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သည် ၂၀၀၁ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့ မှာစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄-၂၀၀၅ခုပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ခုပညာသင်နှစ်အထိ မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုသင်ကြားပေးခဲ့သည်မှာ  (၂၁)တိုင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဘွဲ့နှင်းသဘင်အခမ်းအနား ကို(၁၅)ကြိမ်တိုင်ကျင်းပခဲ့ပြီး ဝိဇ္ဇာဘွဲ့(၇၁၂)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့(၁၇၈)ဦး၊ ဘွဲ့လွန်အနုပညာဒီပလိုမာ (၂၇၇)ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့(၁၉)ဦး၊ မဟာဝိဇ္ဇာဘွဲ့(၃၉)ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့(၁၈)ဦး ၊ဂုဏ်ထူးဆောင်ပါရဂူဘွဲ့(၄)ဦး၊ ဘွဲ့လွန်စာကြည့်တိုက်ဒီပလိုမာ(၁၀၇)ဦး၊ စုစုပေါင်း(၁၃၅၄)ဦးကိုမွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များရဲ့ ထူးခြားချက်ကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန်ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျှက်ရှိသလို နိုင်ငံတကာရဲ့ အနုပညာမျက်နှာစာမှာ အထင်ကရဖြစ်တဲ့ ခေတ်နဲ့အညီဖြစ်ထွန်းနေတဲ့ ရုပ်ရှင်နဲ့ပြဇာတ်ပညာရပ်များကိုပါ သင်ကြားပေးလျက် ရှိပါကြောင်း၊ မြန်မာတို့ရဲ့ရှည်လျားလှတဲ့ သမိုင်းကြောင်းတစ်လျောက် အဓွန့်ရှည်တည်တံ့လျက်ရှိတဲ့ အနုသုခုမပညာရပ်တွေဟာ ယနေ့ထက်တိုင်ခိုင်မြဲလျက်ရှိနေပါကြောင်း၊ ဒီလိုခိုင်မြဲနေခြင်းဟာလည်း မောင်တို့မယ်တို့လို လူငယ်မျိုးဆက်သစ်တွေက မြန်မာ့အနုသုခုမပညာရပ်တွေကို ခေတ်အဆက်ဆက် လက်ဆင့် ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ ဖြစ်ပါကြောင်း၊ ဒီကနေ့Globalizationလို့ခေါ်တဲ့ ကမ္ဘာ့ရွာကြီးထဲမှာဓလေ့ထုံးတမ်းအစဉ်အလာများရဲ့အရွေ့ဟာ အကောင်းနဲ့အဆိုးအရှိန်အဟုန်မြင့်မားလျက် အပြန်အလှန်ကူးပြောင်းနေသကဲ့သို့  ရည်ရွယ်ချက်ရှိရှိနဲ့ ရိုးရာယဉ်ကျေးမှုအလေ့အထ အမူအကျင့် ဓလေ့ စရိုက်များ တမ်ကောပပျောက်သွားအောင် နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်လျက် ရှိပါကြောင်း၊ ဒါကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် မိမိဝါသနာပါရာ အနုပညာရပ်များဖြင့် အနာဂတ်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်သွားကြပါလို့ တိုက်တွန်းမှာ ကြားလိုကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါကွယ်ပျောက်သွားမည်ဖြစ်၍ မောင်တို့မယ်တို့အနေနဲ့ အမိတက္ကသိုလ်ကြီးကသင်ကြားပေးလိုက်တဲ့အနုပညာရပ်များကို စနစ်တကျ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယဉ်ကျေးမှု ကိုယ်ခံအား  တောင့်တင်းခိုင်မာအောင် ဆောင်ရွက်သွားကြဖို့ အလေးအနက်ထားပြီးမှာကြားလိုကြောင်းဖြင့် ပြောကြားသွားပါသည်။

ဆက်လက်၍မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက ဂုဏ်ပြု အမှာစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက်လာသူများက ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်များကို သင်ကြားခဲ့သောကျောင်းသား၊ ကျောင်းသူများ၏ စင်တင် တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။