မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ရှေးဟောင်းအဆောက်အအုံကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ရှေးဟောင်းအဆောက်အအုံများကို ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနားကို အ.ထ.က(၄)အခြေခံ ပညာအထက်တန်းကျောင်းတွင် ၂၅-၁၂-၂၀၂၂ ရက်နေ့၊ (၁၃:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အ.ထ.က(၄)ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အခမ်းအနားအစီအစဉ်အရ ကမ္ပည်းမော်ကွန်း ကြေးပြားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးသည် ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားသော မြို့တစ်မြို့ဖြစ်ပြီး ပြင်ဦးလွင်ခရိုင်အတွင်းတွင်ရှိသော အဆောက်အအုံ များသည် ထူးခြားထင်ရှားသော သမိုင်းကြောင်း များရှိခဲ့ပါကြောင်း၊ ပြင်ဦးလွင်မြို့သည် ပြည်တွင်း/ပြည်ပ ခရီးသွားပြားသည်နှင့်အညီ ယခုလို ရှေးဟောင်းအဆောက်အအုံများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် ခရီးသွားလုပ်ငန်းလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်း အဆောက်အအုံများ သတ်မှတ်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးမှ(၃၃)လုံး ပါဝင်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံများ ခေတ်အဆက်ဆက်နှစ်ပေါင်းများစွာ အသုံးပြု လာခဲ့ပြီး မူလပုံသဏ္ဌာန်၊ မူလလက်ရာများအတိုင်း ထိန်းသိမ်းလာခဲ့၍ ယခုထိတိုင် မူလလက်ရာများမပျက် ယခင်က အသုံးပြုခဲ့သော အဆောက်အအုံ များအတိုင်း လက်ရာများကို တွေ့မြင်နိုင်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို နောင်မျိုးဆက်သစ်များတိုင်အောင် ရေရှည်တည်တံ့စေရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူတစ်ရပ်လုံး မိမိတို့တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန်တိုက်တွန်းမှာကြားသည်။

 ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရှေးဟောင်းအဆောက်အအုံသတ်မှတ်ရာတွင် စံသတ်မှတ်ချက်များ၊ ကမ္ပည်းမော်ကွန်း တပ်ဆင်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(၄)ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.