၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများမှ ဝန်ထမ်းများ၊ ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုသည့် အခမ်းအနားကို Hotel Max ၌ ၅.၁.၂၀၂၃ ရက်နေ့၊ ညနေ(၁၇:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား၏ ကဏ္ဍအသီးသီးတွင် အောင်မြင်စွာ တာဝန်ယူဆောင်ရွက်နိုင်ခဲ့ခြင်းအား အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက နိုင်ငံတော်အကျိုးပြုလုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှ တာဝန်ယူ ထမ်းဆောင်မှုများအပေါ် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြသော ဝန်ထမ်းများအားလုံး၏ ကြိုးစားမှုကို အသိအမှတ်ပြု၍ ဂုဏ်ပြုလိုပါကြောင်း၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ စာလုံး သရုပ်ဖော်ပြသရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် လူထုလှုံ့ဆော်ရေးဆပ်ကော်မတီ၊ ဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ် ခင်းကျင်းပြသရေးနှင့် တည်ဆောက်ရေး လုပ်ငန်းအဖွဲ့၊ ဂုဏ်ပြုယာဉ်အမှတ်ပေးလုပ်ငန်းအဖွဲ့၊ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသရေးနှင့် အုပ်ချုပ်စီစဉ် ဆောင်ရွက်ရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် ဂုဏ်ပြုဆောင်ခန်းမတို့၌ တိုင်းရင်းသား/သူအဖွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်ခြင်းအခမ်းအနား (ဗန်းကိုင်၊ ဆိုင်းဝိုင်း)၊ ဗိုလ်ရှုခံအခမ်းအနား ဖျော်ဖြေရေး၊ လူငယ်နှင့် စာပေအနုပညာပြပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဗိုလ်ရှုအခမ်းအနားနှင့် ပြခန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ ယဉ်ကျေးမှု ပြတိုက်ဝန်ထမ်းများအပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းပေါင်း ၈၅၀ ဦးခန့် ပါဝင်ဆင်နွှဲခဲ့မှုကို ဂုဏ်ပြုပါကြောင်း၊ ယခုအချိန်ထိ တပေါင်းကွင်း၌ ဖျော်ဖြေရေး၊ ပန်းချီ ရေးဆွဲရေး၊ ပန်းပုထုလုပ်ရေးနှင့် ပြခန်းများ ခင်းကျင်းပြသရေးတို့၌ တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုပါကြောင်း၊ မိမိဝန်ကြီးဌာန၏ ဂုဏ်သိက္ခာတက်အောင် ဆောင်ရွက်နိုင် ခြင်းနှင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အထူးပင် ဂုဏ်ယူမိပါကြောင်းနှင့် ဆက်လက်၍ လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနား အတွက်လည်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြုညစာဖြင့် ဧည့်ခံ၍ အခမ်းအနားကို (၂၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။