သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အသက်ထက်မြတ်သောဂုဏ်သိက္ခာ ဇာတ်တော်ကြီး” လေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုအားပေးခြင်းရန်ကုန်မြို့၊ ဇန်နဝါရီလ  ၁၀

အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် စိတ်ခွန်အားရရှိစေရန်အတွက် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက စီစဉ်ကပြမည့် “အသက်ထက်မြတ်သောဂုဏ်သိက္ခာဇာတ်တော်ကြီး”အတွက် ဇာတ်တိုက် လေ့ကျင့်နေမှု၊ အသံပိုင်း၊ မီးပိုင်း၊ ဆက်တင်ပိုင်းဆိုင်ရာများကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။

“အသက်ထက်မြတ်သောဂုဏ်သိက္ခာဇာတ်တော်ကြီး”သည် မြန်မာ့သမိုင်းတွင် ရတု ရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဓံအနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ အခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သော နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်ပါသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက မြန်မာနိုင်ငံသို့ အချိန်မီလွှဲပြောင်းပေးအပ်ခဲ့သော ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် မိသားစုများ၊ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်နေ့တို့တွင် နေ့စဉ် နေ့လယ် ၁ နာရီတိတိအချိန်၌ ပထမဆုံးတင်ဆက်ကပြ ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.