မဲခေါင် – လန်ချန်းဒေသရိုးရာအကပွဲတော် (Traditional Dance Festival) ကျင်းပ နေပြည်တော် ဇန်နဝါရီ ၁၉

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေထောက်ပံ့မှုဖြင့် မဲခေါင် – လန်ချန်းဒေသတွင်းနိုင်ငံများ ပူးပေါင်းဖျော်ဖြေသည့် မဲခေါင် – လန်ချန်းဒေသရိုးရာ အကပွဲတော် (Traditional Dance Festival) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၂ ၌ hybrid စနစ်ဖြင့် ကျင်းပသည်။

ခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒေါက်တာမိုးဇော်ထွန်းဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ မဲခေါင်ဒေသ အတွင်းရှိ နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မဲခေါင် – လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကား ပြောကြားရာတွင် မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျော့ချသွားရန်၊ အာဆီယံ အသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူ ပြုရန် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်ကို တိုးမြှင့် အကောင်အထည်ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး South South Cooperation ကို တိုးမြှင့်သွားရန်တို့ဖြစ်ကြောင်း။

ယခုပွဲတော်ကျင်းပခြင်းဖြင့် ပွဲတော်၏ ရည်ရွယ်ချက်ဖြစ်သော Unity is Diversity ဆိုသည့် အတိုင်း မဲခေါင် – လန်ချန်းဒေသတွင်းရှိ နိုင်ငံများသည် မတူကွဲပြားသော်လည်း ယဉ်ကျေးမှုများမှာ ဆက်နွယ်ပြီး အခြေခံအားဖြင့် တူညီမှုရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် MLC တစ်နိုင်ငံချင်းစီ၏ ရိုးရာအက တင်ဆက်မှုများကို လေ့လာပြီး အမြင်ချင်းဖလှယ်ခွင့်ရရှိသော အခွင့်အလမ်းများရရှိခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများ၊ ကွဲပြားမှုများကို သိရှိလေ့လာနိုင်ရန် တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးလာခြင်းနှင့် ရုပ်ဝတ္တုများ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် MLC ဒေသတွင်းနိုင်ငံများအနေဖြင့် တူညီသော စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေကြရသဖြင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် မဲခေါင် – လန်ချန်းဒေသတွင်းရှိ အနုပညာရှင်လူငယ်များအကြား ပိုမိုချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင် စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။

ယခုကျင်းပသည့် ပွဲတော်၌ မိမိတို့၏ ဒေသတွင်း နိုင်ငံတိုင်းတွင်ရှိပြီးဖြစ်သည့် သမိုင်းကြောင်း ရှည်လျားပြီး အလွန်တရာမှ တန်ဖိုးကြီးမြင့်လှသော ရိုးရာသုခုမအက ပညာရပ်များကို နိုင်ငံ တစ်နိုင်ငံချင်းစီသာမက နိုင်ငံအားလုံးက စုပေါင်းထိန်းသိမ်းကြပါရန်နှင့် အပြန်အလှန် ချစ်ကြည ်ရင်းနှီးမှုများစွာဖြင့် ကူးလူးဆက်ဆံပြီး ရိုးရာယဉ်ကျေးမှု အနုပညာအကများကို ယဉ်ကျေးမှု ဖလှယ်ကြရန်နှင့် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းမျှဝေနိုင်ကြရန် လေးနက်စွာ တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသံရုံး အကြီး အကဲ Ms.Cao Jing နှင့် မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး AAA အဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့မှ နှုတ်ခွန်းဆက်စကားများပြောကြားကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ အနုပညာရှင်များက မဲခေါင် – လန်ချန်းပူးပေါင်း ဆောင်ရွက်ရေး Theme Song ဖြင့် ဂုဏ်ပြုတေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရိုးရာအကပွဲတော်သို့ တက်ရောက်လာကြ သူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တရုတ်ပညာရှင် Ms. Feng Mi က   မြန်မာ့ ယဉ်ကျေးမှုနှင့်ပတ်သက်၍ လေ့လာဆည်းပူးခဲ့ရမှုများကိုလည်းကောင်း၊ Mr. Shen Chen က တရုတ်နိုင်ငံရှိ ရိုးရာ ယဉ်ကျေးမှုအကြောင်းနှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုကို စာပေနှင့်အနုပညာဖြင့် မြှင့်တင်ခဲ့ကြပုံ တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ဆရာမကြီး ဝဏ္ဏကျော်ထင် ဒေါ်စန္ဒာခင်က မြန်မာ့ယဉ်ကျေးမှုအကြောင်းနှင့် ယဉ်ကျေးမှုကာကွယ် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် မဲခေါင် – လန်ချန်းဒေသတွင်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာရှင်များက မိမိတို့နိုင်ငံ၏ ရိုးရာအကအလှများကို ကပြဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံမှ အနုပညာရှင်များက မဲခေါင် – လန်ချန်း ဂုဏ်ပြုသီချင်း “We are Family One” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.