သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည့် သတင်း နေပြည်တော်၊ ဇန်နဝါရီလ ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Vlsitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၄၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

              အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (သာသနာရေး)ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်း၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ တက်ရောက်ခဲ့ကြပါသည်။

              အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကြောင်း၊ တက္ကသိုလ်များ အကြား၊ ရှေးဟောင်းသုတေသနလုပ်ငန်းများ၊ ပြတိုက်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြည်သူများ/သံဃာတော်များအား အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်လည်း လာရောက်ပညာသင်ကြားရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။

              သံအမတ်ကြီးက မြန်မာနိုင်ငံမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပမည့် မဲခေါင်-လန်ချန်း ဒေသရိုးရာအကပွဲတော်သို့ တက်ရောက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကျင်းပမည့် အလားတူပွဲတော်များတွင်လည်း ထိုင်းနိုင်ငံမှ ပါဝင်ဆင်နွှဲရန် ဆန္ဒရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် နှစ်နိုင်ငံအကြား ရင်းနှီး ချစ်ခင်မှုကို ပိုမိုရရှိမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကျင်းပပြုလုပ်ခဲ့သည့် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့မှုများအပေါ်လည်း ဂုဏ်ယူပါကြောင်း၊ မိမိ နိုင်ငံတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဌာနများအနေဖြင့် နိုင်ငံတော်ပွဲများတွင် ပါဝင်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအား ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် နှစ်နိုင်ငံပူးပေါင်း၍ ပွဲတော်များ ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် ခရီးသွားလာရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သာသနာရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် အဓိကထားဆွေးနွေး၍ နှစ်ဖက် အပြန်အလှန်လက်ဆောင်များ  ပေးအပ်ပြီး တွေ့ဆုံခြင်းအခမ်းအနားကို ၁၅၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.