ပြည်ထောင်စုဝန်ကြီး ဦးကိုကို National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

မန္တလေး ဇန်နဝါရီ ၂၉

မဲခေါင်၊ လန်ချန်းပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ရတနာပုံ ခန်းမတွင် Vitual စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ အခမ်းအနားကို အမှတ်စဉ်ရေတွက်၍ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ရိုးရာ နတ်ယိမ်းအကဖြင့် ဖျော်ဖြေ တင်ဆက်သည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မဲခေါင်-လန်ချန်း မြစ်ဝှမ်းတစ်လျှောက် ရှေးယခင်ကတည်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မဲခေါင်မြစ်ကိုအမှီသဟဲပြု၍ အတူတကွတည်ရှိခဲ့ကြသည့် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် အဖွဲ့ဝင်နိုင်ငံများအကြား၌ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ပွင်းလင်းမြင်သာမှုရှိစွာနှင့် လူမှုအသိုက်အဝန်းများ အားကောင်းလာစေရန်၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန် နားလည်မှုကိုမြှင့်တင်ရန် အရေးကြီးလာပါကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အချို့သောလက်မှု အနုပညာရပ်များသည် ပျောက်ကွယ်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေကြရသည့်အတွက် မဲခေါင် – လန်ချန်းဒေသတွင်းရှိ အဖွဲ့ဝင် (၆) နိုင်ငံမှ ပန်းချီ၊ ပန်းပု အနုပညာရှင်လူငယ်များ ပါဝင်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ဇန်နဝါရီ (၂၉) ရက်မှ (၃၀) ရက်အထိ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က တာဝန်ယူပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ယခုကဲ့သို့ လက်ခံကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။

ယခုကျင်းပမည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းတွင် ဒေသတွင်း အဖွဲ့ဝင် ၆ နိုင်ငံမှ တစ်နိုင်ငံလျှင် ပန်းချီ၊ ပန်းပု လူငယ်အနုပညာရှင် ၄ ဦးနှင့် ခေါင်းဆောင် ၁ ဦး၊ စုစုပေါင်း ၅ ဦးစီ ဖိတ်ကြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီ၊ ပန်းပု အနုပညာရှင်များက မိမိတို့နိုင်ငံ၏ နိုင်ငံအမှတ်အသား ပန်းချီ၊ ပန်းပုအနုပညာလက်ရာများ ဖန်တီးခြင်းနှင့်မိမိတို့ ဖန်တီးထားသော အနုပညာလက်ရာများ အကြောင်း ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း။

ယခုစီမံကိန်းမှတစ်ဆင့် မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများရှိ အနုပညာ ရှင်လူငယ်များအကြား အချင်းချင်းအပြန်အလှန် ချစ်ခင်ယုံကြည်မှု တစ်ဦး၏ ယဉ်ကျေးမှုကိုတစ်ဦးက အပြန်အလှန်လေးစား တန်ဖိုးထားမှု၊ အချင်းချင်းအတူတကွ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အတွေးအမြင်သစ်များအပြန်အလှန် ဖလှယ်နိုင်မှုများ တိုးတက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်း လိုက်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Minister Counselor Dr. Zheng Zhihong၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဉက္ကဌ ဦးဝင်းဇေယျာထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် တရုတ်နိုင်ငံမှ ပန်းချီ၊ပန်းပုကျွမ်းကျင်ပညာရှင် Ms. Jixian Huang နှင့် မြန်မာနိုင်ငံမှ ပန်းချီ၊ပန်းပုကျွမ်းကျင်ပညာရှင် ဒေါက်တာ ပြည့်ဖြိုးကျော်တို့က မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများရှိ ပန်းချီ၊ ပန်းပုအနုပညာ သမိုင်းကြောင်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားကြပြီး လန်ချန်း-မဲခေါင် ဂုဏ်ပြုသီချင်းအကဖြင့် တင်ဆက်သည်။ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ နိုင်ငံအသီးသီး မှလူငယ်ပန်းချီအနုပညာရှင်များက မိမိတို့နိုင်ငံအသီးသီး၏ ထင်ရှားသောနိုင်ငံ့အမှတ် အသားများကို ရေးဆွဲထားသည့် ပန်းချီကားများ အကြောင်း ဆွေးနွေးကြသည်။

လန်ချန်း-မဲခေါင် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ဇန်နဝါရီ ၃၀ ရက်တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.