ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပြီးစီးမှုသတင်း

မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ပြည်သူလူထုတစ်ရပ်လုံးက ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ကာကွယ် ထိန်းသိမ်းလိုသော စိတ်ဓာတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ တူးဖော်/ ရှေးပစ္စည်း/ ကမ္ပည်းကျောက်စာဌာနခွဲ(နေပြည်တော်)မှ (၉.၂.၂၀၂၃) ရက်နေ့မှ (၁၀.၂.၂၀၂၃)ရက်နေ့အထိ တပ်ကုန်းမြို့နယ်အတွင်းရှိ ပေတောကျေးရွာနှင့် တောင်ပို့သာ ကျေးရွာ၊ လယ်ဝေးမြို့နယ်ရှိ မင်းပြင်ကျေးရွာ၊ ပုဗ္ပသီရိမြို့နယ်၊ ဝဲကြီးအုပ်စု၊ ဝဲကြီး ကျေးရွာများသို့ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ပြီး ၎င်းအသိပညာဟောပြောပွဲသို့ ဌာနဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရပ်မိရပ်ဖကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသူ/ကျောင်းသား စုစုပေါင်း (၁၉၀)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်နှင့် ဦးစီးအရာရှိ ဦးမြတ်လင်းအောင်တို့မှ မိမိတို့ ဦးစီးဌာနအနေဖြင့် နိုင်ငံ၏ နေရာအနှံ့အပြားရှိ ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ကွင်းဆင်းတူးဖော်သုတေသနပြုလုပ်၍ စုဆောင်း ထိန်းသိမ်းခြင်း၊ ဒေသခံပြည်သူ များမှ လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကိုလည်း အပ်နှံသည့် ပစ္စည်းအပေါ် မူတည်၍ ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုးတို့ကို တွက်ချက်ပြီး ဆုကြေးငွေ ပြန်လည်ချီးမြှင့်ကာ စုဆောင်းထိန်းသိမ်းခြင်း ရှိသကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်းများမှလည်း ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းစုဆောင်းခြင်းစသည်တို့ဖြင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ကာကွယ်ထိန်းသိမ်းစုဆောင်းလျက်ရှိပါကြောင်း၊ ထို့အပြင် ဥပဒေနှင့်ပတ်သက်၍ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ နှင့်ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများကို ဒေသခံ ပြည်သူများ၊ ရပ်မိရပ်ဖ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လူကြီးများနှင့် တပ်ကုန်းမြို့နယ် တောင်ပို့သာကျေးရွာမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ တို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ရခြင်းကြောင့် ဦးစီးဌာနမှ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူများ သိရှိနားလည်၍ ရှေးဟောင်းဝတ္ထုပစ္စည်းများအား တရားမဝင် တူးဖော်ရှာဖွေခြင်း၊ ရောင်းဝယ်ခြင်း၊ ဖျက်ဆီးခြင်းများ လျော့နည်းပပျောက်လာပြီး ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးကြီးမားမှုကို ဒေသခံပြည်သူများ သိရှိနားလည်လာပြီး ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.