မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာအထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပနေပြည်တော်၊ ‌ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန် အတွက် “ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲ ကို  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပရိုင်းမိတ်သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ ပညာရေး ဝန်ကြီးဌာနမှ ပရိုင်းမိတ်သုတေသနပညာရှင်များ၊ အငြိမ်းစားပညာရှင်ကြီးများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်  ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲမှာ ပရိုင်းမိတ်ဆိုင်ရာ အထောက်အထားများနှင့်ပတ်သက်၍ ယခင်ဆွေးနွေးပွဲများကနေ ရရှိလာ​သော အချက်အလက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်စိစစ် သုံးသပ်ညှိနှိုင်း အတည်ပြုနိုင်ရန် အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာ့သမိုင်းစဉ်အတွက် အခြေပြ မြန်မာနိုင်ငံရေးသမိုင်းကိုသာ အားထားခဲ့ရာမှ ယခုအခါ ပြည်တွင်း ပြည်ပပညာရှင်များ၏ ရှေးဟောင်းသုတေသနနှင့် မြန်မာ့ သမိုင်းဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက် အသစ်များ၊ အထောက်အထားအသစ်များ၊ ခိုင်မာ သည့် ဓာတ်ခွဲခန်းများမှ သက်တမ်းတွက်ချက်မှုများ ထပ်မံတွေ့ရှိလာရပြီး သမိုင်းခေတ်မှာ ရုပ်လုံးပေါ် ပြည့်စုံလာပြီဖြစ်ကြောင်း၊ တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်ကို ပြုစုရာတွင် ပရိုင်းမိတ် အထောက်အထားတွေကို စတင်ပြုစုပြီး ခေတ်အဆက်ဆက်ကို ဆက်စပ်ချိတ်ဆက် ပေးရမှာ ဖြစ်ကြောင်း၊ ကွင်းဆက်ပြတ်နေသည်များကို ချိတ်ဆက်ရန်အတွက် ယခုလိုအစည်းအဝေး ကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တွေ့ရှိရသော အထောက်အထားများမှတစ်ဆင့် ခိုင်မာသော သမိုင်း စဉ်ကို သက်သေပြနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ပရိုင်းမိတ်သုတေသနပညာရှင်များ၊ ကာကွယ်​ရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန နှင့် သမိုင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးပေးကြပါသော ပညာရေး ဝန်ကြီးဌာနမှ ပရိုင်းမိတ်သုတေသနပညာရှင်များကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်ကို ၂၀၂၂ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ခေါင်းစဉ်များကိုလည်း စာတမ်းဖတ်ပွဲများ အကြိမ်ကြိမ်ပြုလုပ် ခဲ့ပါကြောင်း၊ ယခုအခါတွင် စာတမ်း ဖတ်ပွဲအဆင့်သာမကတော့ပဲ စာအုပ်ထုတ်ဝေရန်အတွက် ညှိနှိုင်း၊ ဆွေးနွေးသည့်အဆင့်သို့ ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရရှိလာသော ရလဒ်များကို ပြင်ဆင်ဖြည့်စွက်၍ စာအုပ်ထုတ်ဝေမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ပြီး သုံးသပ်၊ ညှိနှိုင်းသည့်အတွက် အထောက်အထားများ မှန်မှန်ကန်ကန် ရရှိမည်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။  

ထို့နောက် ဆွေးနွေးပွဲတွင် ပရိုင်းမိတ်ဆိုင်ရာ အ‌ထောက်အထားများနှင့် ပတ်သက်၍ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က ပုံတောင်ပရိုင်းမိတ်ဆိုင်ရာ သုတေသန အထောက်အထား များကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်က ဧရာဝတီပရိုင်းမိတ် ဆိုင်ရာ သုတေသနအထောက်အထားများကိုလည်းကောင်း၊ ပါမောက္ခ ဒေါက်တာ ဇင်မောင်မောင်သိန်းက ပရိုင်းမိတ်ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် အကြောင်းကိုလည်းကောင်း ဆွေးနွေး ခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များနှင့် ထပ်မံဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြပါ သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်း ပရိုင်းမိတ်နှင့်ပတ်သက်၍ ပြတ်နေသည့် ကွင်းဆက်များကို ရှာဖွေရန်လိုအပ်ကြောင်း၊ ဆက်လက် ရှာဖွေမည့်လုပ်ငန်းစဉ်များကိုလည်း လျာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကွင်းဆက်ပြတ် မသွားစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို မွေးမြူရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို နေ့လယ် (၃:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.