အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်(Heritage Impact Assessment – HIA) ဆောင်ရွက်၍ အမွေအနှစ်များ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းကြပါစို့

ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)

အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment – HIA) ဆိုသည်မှာယဉ်ကျေးမှု အမွေအနှစ်အပေါ် လူသားတို့၏ ပြုမူလုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများ (Threats)၊ ဖွံ့ဖြိုးတိုးတက်မှုများ (Development Issues)၊ ဆောက်လုပ်ရေးလုပ်ငန်းများ (Construction work)၊ မြေယာအခင်းအကျင်းပြောင်းလဲမှုများ (Landscape changes) ၏ သက်ရောက်မှုများ (Impacts)ကို ဖော်ထုတ်ရန်၊ အကဲဖြတ် ခွဲခြမ်းစိတ်ဖြာရန် ဆောင်ရွက်ရသော လုပ်ငန်း ဖြစ်ပြီး အမွေအနှစ်များကို ပိုမို ကာကွယ်ရန်၊ သက်ရောက်မှုများကို လျှော့ချရန် အစရှိသော အပြုသဘောဆောင်သည့် အကြံပြုချက် တို့ဖြင့် စီမံခန့်ခွဲရေးကို   ပံ့ပိုးပေးရသောလုပ်ငန်း ဖြစ်ပါသည်။ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) လုပ်ငန်းစဉ်မှာ ယဉ်ကျေးမှုအမွေအနှစ်အပေါ် သက်ရောက်မှု အကဲဖြတ်ချက်ဆိုင်ရာ ICOMOS လမ်းညွှန်ချက် (Guidance on Heritage Impact Assessments for Cultural World Heritage Properties, A publication of the International Council on Monuments and Sites (ICOMOS), January 2011) အပေါ် အခြေခံ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်(HIA) လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း အဆင့် (၃)ဆင့် ခွဲခြားပြီး ဆောင်ရွက်ရပါသည် –

 (က) ပထမအဆင့် – စာအုပ်စာတမ်းများကို အခြေခံ၍ လေ့လာ သုတေသနပြုလုပ်ရခြင်း (အဆိုပြုစီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ မှတ်တမ်းအထောက် အထားများ၊ မြေပုံများ၊ ပုံဆွဲများ၊ စာရွက်စာတမ်းများ ပြုစုခြင်း)၊

(ခ) ဒုတိယအဆင့် – တည်ဆောက်ရေးလုပ်ငန်းဖွံ့ဖြိုးမှုကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို ဖော်ထုတ်၍ အကဲဖြတ်သုံးသပ်ရခြင်း၊

(ဂ) တတိယအဆင့် – တည်ဆောက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ အရေးပါမှု၊ ဂေဟစနစ်၊ ပတ်ဝန်းကျင် သဘာဝ အခြေအနေ၊ မြင်ကွင်း၊ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး (Outstanding Universal Value – OUV) စသည်တို့အပေါ် ထိခိုက်မှု မရှိစေရေး အဓိကထား၍ အကြံပြုချက်များဖြင့် အဆိုပြုရခြင်း၊

အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) လုပ်ငန်း ဆောင်ရွက်ရာတွင် အောက်ပါအချက်များ ပါဝင်ရမည်ဖြစ်ပါသည်-

  (က) စီမံကိန်း/တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အကျိုး ကျေးဇူးများ အပါအဝင် အဆိုပြုထားသော စီမံကိန်း၏ နောက်ခံအချက်အလက်များ၊

(ခ) အဆိုပြုထားသော လုပ်ငန်းနေရာနှင့် လက်ရှိပတ်ဝန်းကျင် အခြေအနေ ဖော်ပြချက်၊

(ဂ) အဆိုပြုထားသော ဖွံ့ဖြိုးရေးလုပ်ငန်း၏ အခင်းအကျင်းစီမံထားမှု (ဒီဇိုင်း/ ပုံဆွဲ/ မြေပုံများ)၊

(ဃ)ချဉ်းကပ်လမ်းများ၊ လျှပ်စစ်ဓာတ်အားပေးပို့ခြင်း၊ ရေပေးဝေခြင်းနှင့် မိလ္လာအစီအမံများ စသည့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ပါဝင်သော ပြည့်စုံစွာ ဖော်ပြချက်၊

(င) အများပြည်သူများနှင့် ဆက်စပ်သောလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း အပေါ် သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ၊

(စ) အခြားရွေးချယ်နိုင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သော (ဒုတိယဦးစားပေး/တတိယဦးစားပေး)နည်းလမ်းများ။

အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) လုပ်ငန်း မဖြစ်မနေ ဆောင်ရွက်သင့်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အနီးတွင် မြို့ပြ အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အဆောက်အအုံတိုးချဲ့ခြင်း လုပ်ငန်းများ၊ သာသနိက အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းအဆောက်အအုံ မြင်ကွင်းကို ထိခိုက်စေနိုင်သည့် ကြီးမားသော စီမံကိန်းများ၊ ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ဒေသစိမ်းလန်း စိုပြည်ရေး စီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး (Outstanding Universal Value – OUV) ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ထိခိုက် စေနိုင်သည့် ကြီးမားသည့်စီမံကိန်းများ ဖြစ်ကြပါသည်။

   ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) လုပ်ငန်းနှင့် ပတ်သက်၍UNESCO က ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သော Convention concerning the Protection of the World Cultural and Natural Heritage, 1972 (1972 World Heritage Convention) ၏ ကမ္ဘာ့အမွေအနှစ်ကွန်ဗင်းရှင်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် စာပိုဒ်(၁၇၂)အရ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်အမွေအနှစ်၏ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး (OUV) အပေါ် အကျိုးသက်ရောက်စေမည့် အသစ်ဆောက်လုပ်ခြင်းများ သို့မဟုတ် အကြီးစား ပြုပြင်ထိန်းသိမ်းခြင်းများ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်မည်ဆိုပါက ကမ္ဘာ့အမွေအနှစ်ဌာန မှတစ်ဆင့် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ အကြောင်းကြားခြင်း၊ ခက်ခဲသော ဆုံးဖြတ်ချက်များ မချမီ တတ်နိုင်သမျှ ဆောလျင်စွာ အကြောင်း ကြားခြင်း ပြုလုပ်ရမည်ဟု ဖော်ပြထားပါသည်။ အဆိုပါ လုပ်ငန်းလမ်းညွှန်ချက်တွင် ကမ္ဘာ့အမွေအနှစ်ဒေသများအတွင်း စီစဉ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်မည် ဆိုပါက ပတ်ဝန်းကျင် ထိခိုက်နိုင်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA)၊ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ခြင်း (Heritage Impact Assessment-HIA) နှင့် လူမှုစီးပွားဘဝ ထိခိုက်နိုင်မှု ဆန်းစစ်ခြင်း (Social Impact Assessment-SIA) အစရှိသည့် လုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရမည်ဟုလည်း ဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ မည်သည့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်း လုပ်ငန်းမဆို ဆောင်ရွက်မည် ဆိုပါက ဦးစွာသက်ဆိုင်ရာဌာနများ ညှိနှိုင်းကွင်းဆင်း စစ်ဆေးခြင်း၊ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) လုပ်ငန်း ဆောင်ရွက်ခြင်း၊ ကမ္ဘာ့အမွေအနှစ်ကွန်ဗင်းရှင်း၏ လုပ်ငန်း လမ်းညွှန်ချက် အပိုဒ် (၁၇၂) (World Heritage Centre in line with paragraph 172 of Operational Guidelines for the Implementation of the World Heritage Convention) နှင့်အညီ လိုက်နာခြင်းဖြင့် ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

   မြန်မာနိုင်ငံသည် ယူနက်စကိုအဖွဲ့ကြီးကို ၁၉၄၉ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ပါဝင် ခဲ့ပြီး ၁၉၇၂ ကွန်ဗင်းရှင်း (Convention Concerning the Protection of the World Cultural and Natural Heritage,1972) ကို ၁၉၉၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် လက်ခံခဲ့ပါသည်။ ထို့နောက် ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က အဆိုပြုယဉ်ကျေးမှုအမွေအနှစ် (၈) နေရာ၊ ၂ဝ၁၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ် (၂) နေရာနှင့် ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အဆိုပြု သဘာဝအမွေအနှစ် (၇) နေရာတို့ကို စာရင်းတင်သွင်းခဲ့ပြီး ဖြစ်ပါသည်။ UNESCO နှင့် အီတလီ အစိုးရတို့၏ ထောက်ပံ့မှုတို့ဖြင့်  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) လုပ်ငန်းနှင့် ပတ်သက်သည့် သင်တန်းပို့ချခြင်း၊ အကဲဖြတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းများကို ၂ဝ၁ဝ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက် ရှိပါသည်။

   ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ၂ဝ၁၉ ၊ အခန်း(၉)၊ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း၊ ပုဒ်မ (၂၄-က) တွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူ သည် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်နိုင်မှုမရှိကြောင်း ကြိုတင် ခွင့်ပြုချက် ရရှိရန် ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း၊ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ် ဒေသမှအပ ကျန်ယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်းဖြစ်ပါက ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားရမည်ဟု ဖော်ပြပါရှိပါသည်။

   ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၉၊ အခန်း(၉)၊ ကြိုတင် ခွင့်ပြုချက် လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း၊ ပုဒ်မ(၃ဝ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေး ကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီများသည် ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) တို့ပါ ကြိုတင်ခွင့်ပြုချက် လျှောက်ထားသော ကိစ္စများအားလုံးနှင့်စပ်လျဉ်း၍ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) ဆောင်ရွက်ရန်နှင့် ခွင့်ပြုပြီးကိစ္စများတွင် သတ်မှတ် စည်းကမ်းချက်များ လိုက်နာမှုရှိ၊ မရှိကို ဦးစီးဌာနက စောင့်ကြည့်၍ ပြန်လည်တင်ပြရမည်ဟု ဖော်ပြပါရှိပါသည်။

  ကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကြီးမားသော အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကြီးမားသော စီမံကိန်းများ ဖော်ဆောင်ခြင်းများအတွက် ပတ်ဝန်းကျင် ထိခိုက်နိုင်မှု ဆန်းစစ်ခြင်း (EIA) နှင့် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ခြင်း (HIA) လုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက် ရမည်ဖြစ်ပြီး အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ခြင်း (HIA) သည် အမွေအနှစ်ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူဘောင်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း အားလုံးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂ဝ၁ဝ ခုနှစ်မှ စတင်၍ အမွေအနှစ် ဆန်းစစ်ချက် ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) လုပ်ငန်း (၁ဝဝ)ကျော် ဆောင်ရွက်ပေးခဲ့ပြီး ထိုလုပ်ငန်းများနှင့် ပတ်သက်၍ အောက်ပါနည်းလမ်းများဖြင့် အကြံပြုခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်၍ စီမံခန့်ခွဲရေးအဖွဲ့ အနေဖြင့် ဆုံးဖြတ်နိုင်ရေး စိစစ်ပေးလျက် ရှိပါသည်-

(က)    လက်ခံခြင်း/ ခွင့်ပြုခြင်း (Acceptable)၊

(ခ )    ခွင့်မပြုခြင်း (Unacceptable)၊

(ဂ )    ဖြေလျော့ခြင်းဖြင့် လက်ခံနိုင်ခြင်း/ ခွင့်ပြုခြင်း (Acceptable with Mitigation)၊

(ဃ)    ခွင့်မပြုခြင်း သို့မဟုတ် ဖြေလျော့ခြင်း/ တခြားနည်းလမ်းရွေးချယ်မည်ဆိုပါက ခွင့်ပြုပေး နိုင်ခြင်း (Unacceptable and Acceptable with Mitigation)။

သို့ဖြစ်ပါ၍ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသများတွင် အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) လုပ်ငန်း ဆောင်ရွက်ခြင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆောင်ရွက်မည် ဆိုပါက ယဉ်ကျေးမှုအမွေအနှစ်အပေါ် သက်ရောက်မှုများ၊ ပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် တည်ဆောက်ထားသော အမွေအနှစ် အရင်းအမြစ်အပေါ် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အပေါ် သက်ရောက်မှုများ (Direct Impacts၊ Indirect Impacts၊ Residual Impacts  နှင့် Cumulative Impacts)များ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် ကြီးမားသော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) လုပ်ငန်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

    အခြားနိုင်ငံများတွင် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment, HIA) လုပ်ငန်း လုပ်ကိုင်သည့်  ပြင်ပကျွမ်းကျင်ပညာရှင်အဖွဲ့အစည်း (Third Party) များ သို့မဟုတ် ကုမ္ပဏီများမှ ဆောင်ရွက်ပေးကြပါသည်။ အမွေအနှစ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လိုကြသူများမှ အဆိုပါ ပြင်ပကျွမ်းကျင်ပညာရှင် အဖွဲ့အစည်း (Third Party) များ သို့မဟုတ် ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) သုတေသနလုပ်ငန်း ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့ပြင်ပကျွမ်းကျင်ပညာရှင် အဖွဲ့အစည်း (Third Party) က ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ပြည်ပ HIA ကျွမ်းကျင်ပညာရှင် ငှားရမ်းပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ပြင်ပမှ စိတ်ဝင်စားသူများအား ၂၉.၁ဝ.၂ဝ၁၉ ရက်နေ့မှ ၂.၁၁.၂ဝ၁၉ ရက်နေ့အထိ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) Level – I သင်တန်းကို လည်းကောင်း၊ ၈.၂.၂ဝ၂ဝ ရက်နေ့ မှ ၁၅.၂.၂ဝ၂ဝ ရက်နေ့အထိ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) Level – II သင်တန်းကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် Level – III, IV နှင့် V အထိ သင်ကြားရန် ညှိနှိုင်းပြီး သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ထိုသို့ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်သင်တန်း (၅) ကြိမ် ပြီးဆုံးသွားပါက နောင်တွင် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်လုပ်ငန်းကို ပြင်ပကျွမ်းကျင်ပညာရှင် အဖွဲ့အစည်း (Third Party) က ဆောင်ရွက်မည်ဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်တွေ့ရှိချက် ရလဒ်အပေါ် မူတည်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

   ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသများတွင် အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက်လုပ်ငန်း သည်ပြဿနာရှာသည့် လုပ်ငန်း မဟုတ်ပါ။ နည်းစနစ်မှန်ကန်စွာဖြင့် အမွေအနှစ်များ ရေရှည်တည်တံ့စေရေး၊ ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် ကမ္ဘာ့အမွေအနှစ် လမ်းညွှန်ချက်၊ ဥပဒေတို့နှင့်အညီ လိုက်နာ ဆောင်ရွက် စေရေးအတွက် ညှိနှိုင်းအဖြေရှာပေးသည့် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ တစ်မျိုးသားလုံး၏ အမွေအနှစ်များ ပျက်စီးခံရခြင်း၊ ဖျက်ဆီးခံရခြင်း မရှိအောင် အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် ဆောင်ရွက်၍ အမွေအနှစ်များ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းကြပါစို့ဟု အလေးအနက် တိုက်တွန်းရင်း အများပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေး တင်ပြအပ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.