မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပ

   မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန် အတွက် မဏ္ဍိုင် တစ်ရပ် ဖြစ်သည့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀)နာရီမှ (၁၆:၀၀) နာရီအထိ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျောက်ခေတ်သုတေသန လုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

   ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသော ဆွေးနွေးပွဲမှာ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များကို ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ လူသားများ စတင် ပေါ်ပေါက်လာပြီး ကျောက်ကိုအသုံးပြုသည့် ကျောက်ခေတ်ဖြစ်ပေါ်လာပါကြောင်း၊ ကျောက်ခေတ် နှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များသည် ယခင်က ကျောက်ခေတ်ဟောင်းနှင့် ကျောက်ခေတ်သစ် အထောက်အထား များသာ တွေ့ရှိခဲ့ရပြီး ကျောက်ခေတ်လယ်နှင့်ပတ်သက်၍ ကွင်းဆက်ပြတ်နေ ပါကြောင်း၊ နောက်ပိုင်း၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကွင်းဆင်းသုတေသနပြုလုပ်ချက်များအရ ယခင်က မတွေ့ရှိခဲ့သော ကျောက်ခေတ်လယ်နှင့် မဟာသေလာယဉ်ကျေးမှု စသည့်အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ လေ့လာ တွေ့ရှိချက်အသစ်များအပေါ်မူတည်၍ ရေးသားမှု အပိုင်းတွင်လည်း ယခင် ရေးသားချက်များကို ပြန်လည်ပြင်ဆင်ရေးသားရန်လိုအပ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲသို့ တက်ရောက် လာသူများ အနေဖြင့် မိမိတို့လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိချက်များအပေါ်တွင် ပူးပေါင်းပါဝင်ဆွေးနွေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ ပါသည်။

   ထို့နောက်ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကျောက်ခေတ်နှင့် ပတ်သက်၍ ကိုယ်တိုင်ကွင်းဆင်း‌ လေ့လာမှုများမှ တွေ့ရှိချက်တို့ကို စုစည်း ပြုစုထားသည့် “မြန်မာ့ကျောက်ခေတ်” အကြောင်းကိုလည်းကောင်း၊ ဂူနေလူသားမှသည် ကျောက်ခေတ် သစ်တည်ထောင်လာခြင်းနှင့် လူနေမှုအဆင့်အတန်းများ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာမှုတို့ကို ရေးသားပြုစုထားသည့် မြန်မာသမိုင်း အဖွဲ့၊ ဒု-ဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှ ၏ “ဂူနေလူသားမှသည် ကျောက်ခေတ်သစ်ဆီသို့” စာတမ်းအား သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြား ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက်လို သည်များကို ဆွေးနွေးခဲ့ ကြပါသည်။

   ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နောင်တွင် ကျင်းပမည့် ဆွေးနွေးပွဲများတွင် တစ်စပ်တစ်ဆက်တည်းသော သမိုင်းစဉ်ကို အပြီးသတ် ထုတ်ဝေ နိုင်ရေးအတွက် အခြား အဖွဲ့အစည်းများမှ ပညာရှင်များ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး ‌ဆွေးနွေးပွဲကို (၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.