မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပ နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန် အတွက် ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀)နာရီမှ (၁၆:၀၀) နာရီအထိ ပြုလုပ်ခဲ့ရာ မြန်မာသမိုင်းအဖွဲ့ ပညာရှင်များ၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များကို ညှိနှိုင်း ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် များကို ညှိနှိုင်းဆွေးနွေးခြင်းမှာ ၄ ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပရိုင်းမိတ် ဖြစ်ပေါ်လာသည့် ကာလမှစ၍ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလအထိ သမိုင်းစဉ်အဆင့်ဆင့်အား သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ပညာရှင်များနှင့်  ညှိနှိုင်းဆွေးနွေး ရေးသားလျက် ရှိပါကြောင်း၊ ယခင်ကရေးသားခဲ့သည့် သမိုင်းများလည်းရှိပါကြောင်း၊  ယခုကာလ နောက်ပိုင်းတွင် ပြည့်စုံမှု မရှိတော့ပါကြောင်း၊ နောက်ဆုံးကိုးကားသည့် သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် ကာလဖြစ်သည့်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလမှ ပညာရှင် အားလုံးစုပေါင်း ရေးသားခဲ့သည့်  အခြေပြမြန်မာနိုင်ငံရေးသမိုင်းဖြစ်ပါကြောင်း၊ ပရိုင်းမိတ် ကာလ မှ လူသားအစ ဖြစ်ပေါ်လာပုံများသည် အားနည်းကြောင်း၊ ကျောက်ခေတ်မှစ၍ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှု အားနည်းချက်များစွာ တွေ့ရှိရပါကြောင်း၊ ကြေးခေတ်၊ သံခေတ် ဆိုင်ရာ အထောက်အထားများအရ လွန်ခဲ့သော ၂၅ နှစ်ခန့်က  ညောင်ကန်တူးဖော်မှုမှစ၍  မြန်မာ့ ကြေးခေတ်၊ သံခေတ်ကာလအား စတင်ဖော်ထုတ်လာနိုင်ခဲ့ခြင်းကြောင့် သမိုင်းတွင် ပြန်လည် ဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်မီသိပ္ပံနည်းကျသက်တမ်း စမ်းသပ်ချက်အရ လည်းကောင်း၊ ခေတ်ကာလ အထောက်အထားများအရလည်းကောင်း ထပ်မံဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊ အခြေခံပညာ အပါအဝင် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင်လည်း မြန်မာ့သမိုင်းနှင့် ပတ်သက်၍ လိုအပ်မှုများ ဖြည့်စွက်ရန်ရှိနေပါကြောင်း၊  ပြဌာန်းစာအုပ်များတွင် ဖြည့်စွက်ရန် လိုအပ်ပါကြောင်း ၊ မိမိတို့ဌာနအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစ၍  တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြန်လည်ရေးသား ပြုစုခြင်းအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်မှစ၍ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြန်လည်ရေးသားပြုစုခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ ပြင်ပ ပညာရှင်များ ဖိတ်ကြား၍ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြန်လည် ရေးသားပြုစုခြင်းအတွက် ရန်ကုန်၊ နေပြည်တော်တို့တွင် ညှိနှိုင်း ဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ရေးသားချက်များအားစုစည်း၍ အတည်ပြုရမည့်အခြေအနေသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ မတ်လ(၇) ရက်နေ့တွင်  ကျောက်ခေတ်နှင့် ပတ်သက်သည့် အထောက် အထား အချက်အလက်များအား အချောသတ် ပြန်လည် ဆွေးနွေးခြင်းအတွက် ဆက်စပ်ဌာန ဆိုင်ရာများသို့ ထပ်မံဖိတ်ကြားသွားမည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် ကြေးခေတ်၊ သံခေတ် ဆိုင်ရာ အထောက်အထား အချက်အလက်များနှင့် ပတ်သက်၍  မိမိတို့ဦးစီးဌာနအနေဖြင့် ညောင်ကန် တူးဖော်မှုမှစ၍  ယခုသိပ္ပံနည်းကျ သက်တမ်း စမ်းသပ်ချက်အထောက်အထားအရ လည်းကောင်း၊ နိုင်ငံတကာပညာရှင်များ၏ သုံးသပ်ချက်များအရလည်းကောင်း ဆက်လက်ရေး သားသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသို့ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်နိုင်ရန် ပေးပို့သွားမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိချက်များ အပေါ်တွင် ပူးပေါင်းပါဝင် ဆွေးနွေးကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက်  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးအောင်အောင်ကျော်က မြန်မာနိုင်ငံ ကြေးခေတ်၊ သံခေတ်နှင့် ပတ်သက်၍ ကွင်းဆင်း‌၊ တူးဖော်လေ့လာမှုများမှ တွေ့ရှိချက်တို့ကို စုစည်း ပြုစုထားသည့် “မြန်မာ့သမိုင်းမတင်မီခေတ် ကြေးခေတ်၊ သံခေတ် တူးဖော်မှုများမှတွေ့ရှိရသော အထောက်အထားများ” အကြောင်းကို လည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့မှ အဖွဲ့ဝင် ဦးစိန်မြင့်က ကြေးခေတ်၊ သံခေတ် မြို့ပြအကြို ကာလ အကြောင်းကိုလည်းကောင်း တင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် “ပရိုင်းမိတ်ဆိုင်ရာ အထောက်အထားများ  ဆွေးနွေးပွဲ” ကိုလည်းကောင်း၊ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် “ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲ” ကိုလည်းကောင်း၊ ယနေ့ကျင်းပပြုလုပ်ခဲ့သည့် “ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲ” များသို့ တက်ရောက်၍ ဝိုင်းဝန်းဆွေးနွေး ဖြည့်စွက်အကြံပြုပေးကြပါသော မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာ ကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်း များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်ကို အပြီးသတ် ရေးသား ထုတ်ဝေနိုင်ရေးအတွက် အခြားအဖွဲ့အစည်းများမှ ပညာရှင်များ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင် များနှင့် ပူးပေါင်း၍ ဆွေးနွေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးဆွေးနွေးပွဲကို (၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.