မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ တူးဖော်သုတေသနများမှ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန် အတွက် ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထားအချက် အလက်များ ဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀)နာရီ၌ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ဦးကိုကို၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေး ဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ကွင်းဆင်း တူးဖော်မှု ဆောင်ရွက်နေကြသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များကို ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းစဉ်တွင် ကွင်းဆက် ပြတ်နေသော ခေတ်ကာလများရှိနေသည့်အတွက် တစ်ဆက်တစ်စပ်တည်းဖြစ်စေရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာသမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ ပြုလုပ်ခဲ့ပါကြောင်း၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဖော်ထုတ်တွေ့ရှိချက်များကို မူတည်၍ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရှိသည့် ဝန်ထမ်းများ၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် ဌာနဝန်ထမ်းများ ပါဝင်သော ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင် (၄) ကြိမ်၊ နေပြည်တော်တွင် (၄)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းခေတ်ကာလ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုနှင့် သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်တို့ကို မူကြမ်းရေးသား ပြုစုပြီးဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲတွင် အပြီးသတ်ဆွေးနွေးရန် ရည်ရွယ်ထားပါကြောင်း၊ ယခင် ဆွေးနွေးပွဲများက ရရှိလာသော အချက်အလက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်စိစစ် သုံးသပ် ဖြည့်စွက် ပြင်ဆင်ရေးသားထားပြီး ဖြစ်သည့်အတွက် အတည်ပြု ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲမှာ မြန်မာသမိုင်းစဉ်တွင် ကွက်လပ်ဖြစ်နေခဲ့သည့် ကြေးခေတ်၊ သံခေတ်ဆိုင်ရာ သုတေသနပြု တွေ့ရှိမှုများကို ဆွေးနွေးခြင်းဖြစ်သည့်အတွက် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ တက်ရောက်လာကြသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် မျိုးဆက်သစ်ဝန်ထမ်းများလည်း ပါဝင်ဆွေးနွေး စေလိုပါ ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းတူးဖော် သုတေသနပြုမှုအရ ကွင်းဆက်ပြတ်နေသော ကြေးခေတ်၊ သံခေတ်သည် မြန်မာ့သမိုင်းစဉ်တွင် ရှိခဲ့ပြီး မြန်မာသမိုင်း၏ ခေတ် ကာလ အစဉ်အလိုက် အဆင့်ဆင့် ကူးပြောင်းခဲ့သည့် ပြည့်စုံ မှန်ကန်သော အထောက်အထားများကို ပြည်သူလူထုအတွက် ဖော်ပြနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ နိုင်ငံတကာ ဓာတ်ခွဲခန်းများမှ သုတေသနပြုတွေ့ရှိချက်များနှင့် သက်တမ်း များကိုပါ တိကျစွာ ရေးသား ထားသည့် ခိုင်မာသည့် မှတ်တမ်းအနေဖြင့် ကြေးခေတ်၊ သံခေတ်ကို ရေးသားထားကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများနှင့် သုတေသနပြုလုပ်ငန်းများသည် လွန်စွာ အရေးပါသည့်အလျောက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးအောင်အောင်ကျော်နှင့် ပူးတွဲသုတေသနပြုသူ ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသန ပညာဌာန ပါမောက္ခ ဒေါ်ကလျာမြတ်မြတ်ထွေးတို့က မြန်မာနိုင်ငံ ကြေးခေတ်၊ သံခေတ်နှင့် ပတ်သက်၍ ကွင်းဆင်း၊ တူးဖော်လေ့လာမှုများမှ တွေ့ရှိချက်တို့ကို စုစည်း ပြုစုထားသည့် “မြန်မာ့သမိုင်းမတင်မီခေတ် ကြေးခေတ်၊ သံခေတ် တူးဖော်မှုများမှတွေ့ရှိရသော အထောက် အထားများ” အကြောင်းကို တင်ပြခဲ့ပြီး ပူးတွဲသုတေသနပြုခဲ့သည့် ရှေးဟောင်း သုတေသန ပညာရှင် ဦးပေါက်ပေါက်က ဖြည့်စွက်တင်ပြပြီး တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက် လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် ပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်း ဖြစ်တည်ခဲ့သော မြန်မာသမိုင်းစဉ်ကို မျိုးချစ်စိတ်ဖြင့် ဖော်ထုတ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ဘိုးဘွားဘီဘင်တို့သည် ပရိုင်းမိတ်မှသည် ယနေ့ကာလအထိ မြန်မာ့ရေမြေတွင် ပေါက်ဖွား ရှင်သန်နေထိုင်ခဲ့ကြသည်ကို ခိုင်မာသည့် အထောက်အထားများ သုတေသနပြု တွေ့ရှိထားပြီး ဖြစ်ပါကြောင်း၊ ကျောက်ခေတ်၊ ကြေးခေတ်များနှင့် ပတ်သက်သော အထောက်အထားများ ပိုမိုတွေ့ရှိနိုင်ရန် မတူးဖော်ရသေးသောဒေသများအား နှစ်စဉ် ဘဏ္ဍာငွေလျာထား၍ သုတေသန လုပ်ငန်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်များ တစ်ဆက်တစ်စပ်တည်းရှိသော နေရာများကို တူးဖော်သင့်ကြောင်း၊ တူးဖော်မှုလုပ်ငန်းများသည် သမိုင်းကို ကူးပြောင်းရေးသားရန်အတွက် အထောက်အထား ဗဟိုပြုသည့် ကောက်ချက်များဖြစ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.