ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့တို့ ပူးပေါင်း၍ Training for Seismic Risk Assessment of Some Selected Monuments in Bagan/ Nyaung U Area သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၅.၃.၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီ အချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်း အဖွဲ့ခေါင်းဆောင်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံကိန်း ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ဒု-ဥက္ကဌ ဦးစောထွေးဇော်၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သက်မွန်စမ်း နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပုဂံဒေသတွင် ရှေးပုဂံခေတ်ကပင် ငလျင် ပေါင်းမြောက်များစွာ လှုပ်ခတ်ခဲ့မှုကို အဂ္ဂတေ့ဘုရား မင်စာအထောက်အထားနှင့် အခြား မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ထိခိုက်ခဲ့သော ပုဂံဒေသရှိ ဘုရား၊ စေတီ၊ ပုထိုးများ ပျက်စီးမှုများကို နိုင်ငံတော်အစိုးရမှ ဦးစီး၍ ပညာရှင်များ ပါဝင်သော အဖွဲ့များက လိုအပ်သောနည်းပညာများအသုံးပြု၍ ပြုပြင်ထိန်းသိမ်းခဲ့ပါကြောင်း၊ ၂၄.၈.၂၀၁၆ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပုဂံဘုရားစေတီပေါင်း (၃၈၉) ဆူ ထိခိုက် ပျက်စီးခဲ့ရပြီး ယင်းတို့ထဲတွင် မဟာဗောဓိဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ တောင်ဂူနီဘုရား အစရှိသည့် ၁၉၇၅ ခုနှစ် နောက်ပိုင်းတွင် ငလျင်ဒဏ်ခံနည်းပညာများဖြင့် ထိန်းသိမ်းခဲ့သော ဘုရားများသည် ထိခိုက်ပျက်စီးမှု ကြီးမားစွာ မရှိဘဲခံနိုင်ရည် ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ငလျင်လှုပ်ခတ်ခြင်းကို တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း ငလျင်ဘေးအန္တရာယ်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးခြင်းမှ လျော့ပါးစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း များကို နည်းစနစ်မှန်ကန်စွာဖြင့် ကြိုတင်ဆောင်ရွက်ထားနိုင်ပါကြောင်း၊ ထိုသို့ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဆိုင်ရာအခြေပြမြေပုံ (Seismic Hazard Map (Phase-1) ကို ၂၀၁၉ ခုနှစ်တွင် Bagan Technical Expert Team ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံငလျင်အသင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ၊ Earth Observatory of Singapore တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ Report on Seismic Hazard and Vulnerability Assessment for Bagan စာအုပ်ထွက်ရှိခဲ့ပြီး ယင်းအစီရင်ခံစာတွင် ဘုရားစေတီ (၄၄) ဆူအနက် အဓိက ဘုရားစေတီများကို ၂၀၂၂ ခုနှစ် သြဂုတ်လမှ စတင်၍ Seismic Risk Assessment အသေးစိတ် သုတေသနပြုခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်နေသည့် Seismic Risk Assessment ဆိုင်ရာ သုတေသနလုပ်ငန်းများ၏ ထွက်ပေါ်လာသော အချက်အလက်များသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲရာတွင် အကူအညီ အထောက်အပံ့ ဖြစ်စေ မည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက်များကို Data Bank တစ်ခု တည်ထောင်နိုင်ရေးနှင့် ဌာနဝန်ထမ်းများ၏ အရည်အသွေး Capacity Building မြင့်မားလာစေရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ ဌာနမှ သင်တန်းသား/သင်တန်းသူများ အနေဖြင့်လည်း အထူးစိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူ၍ မိမိတို့ ဌာနအသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် လက်တွေ့အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာသုတေသနလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒေါက်တာ အောင်ကျော်မြတ်က Research Project နှင့် စပ်လျဉ်း၍ Seismic Risk Assessment တွင် အဆင့် (၃) ဆင့်ဖြင့် ဆောင်ရွက်ပါကြောင်း၊ ထိုအဆင့် (၃) ဆင့်မှာ Hazard Curve , Vulnerability, Risk Assessment တို့ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းသည် Risk Assessment အား ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ Hazard Curveအားရှေးဟောင်းအဆောက်အအုံ (၄၄) ခု အတွက် ရေးဆွဲပြီးဖြစ်ပါကြောင်း၊ Risk Assessment ဆောင်ရွက်ရန်အတွက် စေတီ၊ ဂူဘုရား၊ တစ်ထပ်၊ နှစ်ထပ် စသည်ဖြင့် ရှေးဟောင်းအဆောက်အအုံ (၉) ခု ရွေးချယ်ထားရှိပါကြောင်း၊ ယခု သင်တန်းတွင် Risk Assessment နှင့် ပတ်သက်၍ ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် Software များ အသုံးပြုပုံတို့ကို ထည့်သွင်းပို့ချသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် Risk Assessment အား အပြီးသတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ Assessment ဆောင်ရွက်ပြီးပါက ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ပြန်လည်၍ Review ပြုလုပ်သင့်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။
Training for Seismic Risk Assessment of Some Selected Monuments in Bagan/ Nyaung U Area သင်တန်းကို ပုဂံဌာနခွဲတွင် ၁၅.၃.၂၀၂၃ ရက်နေ့မှ ၁၇.၃.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သင်တန်းသား (၁၀) ဦးတို့ တက်ရောက်လျက်ရှိပါကြောင်း သတင်း ရရှိပါသည်။