မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီစတုတ္ထအကြိမ် အစည်းအဝေးကျင်းပနေပြည်တော် ၊ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ကော်မတီဝင် များ တက်ရောက်ကြပါသည်။

          မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးများစွာ စုစည်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ ဒေသအသီးသီးမှ တိုင်းရင်းသား ညီအစ်ကိုများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များမှာ လွန်ခဲ့သည့့် နှစ်ပေါင်းရာထောင်မကသည့်ကာလများစွာကပင် ပေါကြွယ်စွာတည်ရှိခဲ့ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု ဆိုသည်မှာ ဘာသာစကား၊ နှုတ်ပြောအစဉ်အလာ ဖော်ပြချက်များ၊ ဖျော်ဖြေတင်ဆက်မှု အနုပညာ များ၊ လူမှုထုံးတမ်း အစဉ်အလာများ၊ ပွဲလမ်းသဘင်များ၊ စင်္ကြာဝဠာတို့နှင့် သက်ဆိုင်သည့် အသိပညာနှင့်ထုံးစံများ၊ ရိုးရာလက်မှုပညာများ အစရှိသဖြင့် ပါဝင်ကြပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရန်၊ အလေးထား တန်ဖိုးထားရန်၊ ထိန်းသိမ်းမြှင့်တင် အားပေးရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ယူနက်စကို၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်ကို ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာ တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်း ထောင်ကျော်သမိုင်းတင်ခေတ်မှစ၍ ယနေ့အထိ တိုင်အောင် ကိုယ်ပိုင်အက္ခရာ စာပေအရေးအသား၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် နှစ်ကာလ ရာထောင်ကျော် ကြာမြင့်နေပြီဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ မှေးမှိန်ပျောက်ကွယ် မသွားစေရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံသားတိုင်း တာဝန်သိစိတ်ဖြင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ဒေသအသီးသီး တွင်ရှိသည့် တမူထူးခြားသည့် ဒြပ်မဲ့အမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အသွင်အပြင် လက္ခဏာ၊ မှတ်တမ်းမှတ်ရာများ စာရင်းပြုစုခြင်း၊ သုတေသနပြုစုခြင်း၊ စနစ်တကျ စုဆောင်း မှတ်တမ်းပြုစုခြင်း၊ ကမ္ဘာကသိရှိအောင် စာရင်းများထုတ်ပြန်ခြင်း၊ ကာကွယ်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ ပျောက်ကွယ်ဆုံးရှုံးသွားခြင်းမရှိအောင် ထိန်းသိမ်းမြှင့်တင်ပေးခြင်း၊ ထောက်ပံ့ ကူညီပေးခြင်း၊ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန် ပံ့ပိုးကူညီခြင်း စသည်တို့ကို ဆက်လက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် မိမိတို့ဝန်ကြီးဌာနနှင့့်အတူ ဆက်စပ်ဌာနများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ NGO များ၊ ဝါသနာရှင်များနှင့် ပြည်သူလူထုကပါ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          တန်ဖိုးမဖြတ်နိုင်သည့့် ယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်အဆက်ဆက် သမိုင်းပညာ ရှင်များ၊ စာပေပညာရှင်များ၊ သုတေသီများ၊ အုပ်ချုပ်သူများနှင့် ပြည်သူများက သူ့ခေတ်သူ့အခါ၊ သူ့နည်းသူ့ဟန်နှင့့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကို တွေ့မြင်နိုင်မှာဖြစ်ပါကြောင်း၊ မကြာမီ ရောက်ရှိလာတော့မည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံ အနှံ့အပြားရှိ တိုင်းရင်းသားဒေသ များတွင်လည်း မိမိတို့ဒေသအလိုက် ကျင်းပလာခဲ့ကြ‌ပါကြောင်း၊ မိမိတို့နိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ရေသဘင်ပွဲဆင်နွှဲရုံတစ်ခုတည်း မဟုတ်ဘဲ ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှု၊ လူမှုရေးအစဉ်အလာ ဓလေ့များ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ရိုးရာဓလေ့များ၊ သဘာဝစကြာဝဠာ ဆိုင်ရာ ဗဟုသုတစသည့် ဒြပ်မဲ့ယဉ်ကျေးမှုနယ်ပယ် (၅)ရပ်လုံး ပါဝင်နေသည့် အလွန်လေးနက် အနှစ်သာရရှိသည့်ပွဲတော် ဖြစ်ပါကြောင်း၊ အတာရေပက်ဖြန်းသည့်  သင်္ကြန်ပွဲတော်မျိုးကို အိမ်နီးချင်း နိုင်ငံများ အထူးသဖြင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှာပါ ပြုလုပ် ကြပါကြောင်း၊ ဒေသအတွင်း နိုင်ငံများ၏ ယဉ်ကျေးမှုပြန့်နှံ့မှု၊ ကူးလူးဆက်ဆံမှု၊ နှစ်ပေါင်း ရာထောင်ချီသည့် ကာလမှစပြီး ယနေ့တိုင် ဒေသတွင်းနိုင်ငံများတွင် ရှင်သန်နေဆဲဖြစ်သည့့်အတွက် လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများအားလုံးနှင့် သက်ဆိုင်သည့် ရှင်သန်နေဆဲ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ဟုလည်း ဆိုနိုင်ကြောင်း၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင် ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း ယခုနှစ် မဟာသင်္ကြန်၏ ရိုးရာမပျက်ကျင်းပပုံများကို မှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်ခြင်းများနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်း ပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားသွားပါသည်။

          ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက  မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ပြခဲ့ပြီး အစီအစဉ်အရ ဖိတ်ကြားထားသော ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကိစ္စများနှင့် သက်ဆိုင်သည့် အချက်အလက် များအား ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပါသည်။

          တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့ကြသည်။           ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.