သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏(၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ မတ်လ၂၂ ရက်နေ့၊ နေပြည်တော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ၁၇:၃၀ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက်ရောက်အဖွင့်စကားပြောခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူး/ပါမောက္ခများ၊ အရာထမ်းများနှင့်အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားတွင် မိမိတို့ဝန်ကြီးဌာန၏ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၅၂ ခုနှစ်၊ မတ်လ ၂၂ရက်‌နေ့မှစတင်၍ ပြည်ထောင်စု ယဉ်ကျေးမှုဌာနအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည်မှာ ယနေ့တွင် (၇၁)နှစ်ပြည့်ခဲ့ပြီဖြစ်သည့်အပြင် ခေတ်သမိုင်းအဆက်ဆက်အား ပြောင်းလဲဖြတ်သန်းခဲ့ပြီးသည့် နောက် ၂၀၁၅ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊  ၁၈၈၁ ခုနှစ်တွင် ကဗ္ပည်းကျောက်စာရုံအဖြစ် ဖွဲ့စည်းခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအဖြစ်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ယဉ်ကျေးမှုကောင်စီ အဖြစ်စတင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အနုပညာဦးစီးဌာနအဖြစ် လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်မှ နိုင်ငံ့သမိုင်းသုတေသနဦးစီးဌာနအဖြစ် ဖွဲ့စည်း ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည့်အပြင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့ကို ဖွင့်လှစ်ခဲ့ပြီး ယဉ်ကျေးမှု၏ အဓိကလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါကြောင်း။

ဦးစီးဌာနကြီး၃ခုမှ မဏ္ဍိုင် ၃ရပ်ဖြင့် တာဝန်ဝတ္တရားများကို ခေတ်သမိုင်း အဆက်ဆက်တွင် မိမိတို့၏ မူလတာဝန်ဝတ္တရားများအပြင် ခေတ်နှင့်လျော်ညီသည့် တာဝန်များကိုပါ တိုးချဲ့ ဖြည့်စွက်၍ အဆင့်ဆင့်တိုးမြှင့်တာဝန်ယူခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းသုတေသနပညာ၊ သမိုင်းသုတေသနပညာ၊ ပြတိုက် ပညာ၊ စာကြည့်တိုက်ပညာ၊ အဆိုအတီးအက ပန်းချီပန်းပုအစရှိသည့် အနုသုခုမပညာရပ်များကို  ပညာရှင်များ အဆက်ဆက်ထံမှ  လက်ဆင့်ကမ်းပြီး  မျိုးဆက်သစ် အမွေဆက်ခံခြင်း၊ တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာကျောင်းများ၊ အထက်တန်းအဆင့်ကျောင်းများ တည်ထောင်၍ သင်တန်းဆင်း အောင်လက်မှတ်များဘွဲ့များ၊ ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်ခဲ့သည့်အပြင် မျိုးဆက်သစ်များ မွေးထုတ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့်ချိတ်ဆက်၍ ယဉ်ကျေးမှုဖလှယ်၍ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းသားများကို ပြည်ပသို့စေလွှတ် သင်ကြားစေခြင်း၊ မိမိနိုင်ငံတွင် လက်ခံသင်ကြားပေးခြင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ယူနက်စကိုအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ယူနက်စကိုအဖွဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသ များအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း အာဆီယံနိုင်ငံများ၊ အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက် နေပါကြောင်း။

မိမိပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်မှစတင်၍ အနုပညာဦးစီးဌာနအနေဖြင့် ကိုဗစ်ကာလအတွင်း ပြည်သူများ အပန်းပြေ စေရန် ရွှေမြန်မာအငြိမ့် အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ထုတ်လွှင့်ခဲ့ပြီးသည့်အပြင် (၇၈)နှစ်ပြည့် တပ်မတော်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ရွှေမြန်မာအငြိမ့် အပိုင်း (၄)ကိုလည်း ဆက်လက် ထုတ်လွှင့်ပြသမည်ဖြစ်ပါကြောင်း၊ စောင့်စည်းအာရုံမြတ်သည့်ဂုဏ် ဆိုငိုပြောဇာတ်တော်ကြီးကို လည်း ပြသခဲ့ရာတွင် အောင်မြင်ခဲ့ပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာပြက္ခဒိန် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် ဘွဲ့လွန် ဒီပလိုမာသင်တန်းဖွင့်လှစ်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်သားများနှင့် ပြည်သူများအား ဌာန၏ စုပေါင်းအင်အားဖြင့် “အသက်ထက်မြတ်သောဂုဏ်သိက္ခာ”ဇာတ်ကြီးကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင်ဖျော်ဖြေတင်ဆက်ခဲ့ခြင်းနှင့် နိုင်ငံတော်မှကြီးမှူး ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကြီးတွင်လည်း ပေးအပ်သည့် တာဝန်များအပြင် ဖျော်ဖြေရေးလုပ်ငန်းများကိုအောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သလို ပြည်ထောင်စုနေ့ အခမ်းအနားတွင်လည်း ဖျော်ဖြေရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါကြောင်း ။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျောင်းသားကျောင်းသူများဖြင့်  စာလုံးစာသားသရုပ်ဖော်ခြင်းကိုလုပ်ငန်း တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါကြောင်း။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့်လည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသဖြစ်သော  ဗိဿနိုး၊  သရေခေတ္တရာ၊  ဟန်လင်း ထိန်းသိမ်းထားမှုများအား နိုင်ငံတော်ဝန်ကြီးချုပ်မှ သွားရောက်လေ့လာခဲ့ရာတွင် များစွာအားရကျေနပ်မှုရှိပါကြောင်း ဆက်လက်၍ လည်း လုပ်ငန်းများအား  ရေတိုရေရှည်ခွဲ၍ ဆောင်ရွက်နေရန်လိုပါကြောင်း၊ ယခုဆိုလျှင် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကြီး ကမ္ဘာ့အမွေစာရင်းဝင်ရောက်ရေး  WHC သို့ တင်သွင်းရန်နှင့် အတာသင်္ကြန်အား ကမ္ဘာ့အမွေအနှစ် ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့် ကိစ္စသည်လည်း အရေးကြီးသည့်ကိစ္စဖြစ်ပါကြောင်း။

          သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “စာဆိုတော်နေ့” အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်ခဲ့ခြင်းအပြင် စာတမ်းဖတ်ပွဲများ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်း ပွဲတော်၊ ရှားပါးစာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံ အာဆီယံလူမှုရေး- ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ASCC အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ၂၄ ကြိမ်မြောက် အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီ အစည်းအဝေးနှင့် ၁၂ ကြိမ်မြောက် အာဆီယံ  + ၃ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတို့ကို မြန်မာနိုင်ငံက သဘာပတိအဖြစ် တာဝန်ယူပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့မည့်ကိစ္စသည်လည်း အရေးကြီးသည့်ကိစ္စ ဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်းအထောက်အပံ့ဖြင့် အဖွဲ့ဝင်နိုင်ငံ (၆)နိုင်ငံဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ Puppet Festival နှင့် National Landmark  Sculpturing and Painting  Youth Camp for LMC Fine Arts Students စီမံကိန်းများနှင့် အနုပညာဦးစီးဌာနမှ Traditional Dance Festival  ပွဲတော်စီမံကိန်းတို့ကို  Virtual စနစ်ဖြင့် ဆောင်ရွက်ရာတွင်လည်း အောင်မြင်မှုများရရှိခဲ့ပါကြောင်း။

မိမိတာဝန်ယူစဉ်ကာလအတွင်း အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့တွင် တိုင်းရင်းသားများ ရိုးရာဂီတနှင့် အကပညာရပ်များကိုလည်း တိုးချဲ့သင်ကြား ဆောင်ရွက်လျက်ရှိသည့်အပြင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အမျိုးသား ယဉ်ကျေးမှုအနုပညာတက္ကသိုလ်(ရန်ကုန်)တို့မှပူးပေါင်း၍  ဒီပလိုမာသင်တန်းများကို ဆက်လက် ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

 “နိုင်ငံဂုဏ်ပြုယဉ်ကျေးမှု”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမိုင်း ကြောင်းကောင်းမွန်စွာ စဉ်ဆက်မပြတ်ရှင်သန်နေခြင်းသည် စတင်ဖွဲ့စည်းစဉ်ကစ၍ ယနေ့ထက်တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည့် စီမံခန့်ခွဲမှုဆိုင်ရာ  တာဝန်ရှိသူများ  သက်ဆိုင်ရာ ဘာသာရပ်အလိုက် လုပ်ငန်းကျွမ်းကျင် တတ်မြောက်ကြသည့် ဝန်ထမ်းများကျရာတာဝန်ကို မခိုမကပ် အားထုတ်ကြိုးပမ်းမှုများကြောင့်  အဆင်ပြေခဲ့ခြင်းဖြစ်ပါကြောင်း။

နိဂုံးချုပ်အားဖြင့် မိမိပြောကြားလိုသည်မှာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကောင်းမြတ်သော သမိုင်းကြောင်း အမွေအနှစ်များကို ပခုံးပြောင်းတာဝန်ယူ၍ ယခုရောက်ရှိပြီးသည့် (၇၁)နှစ်မြောက် ဝန်ကြီးဌာန၏နှစ်ပတ်လည်မှသည် ယဉ်ကျေးမှုရေးရာကဏ္ဍများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည် တည်တံ့နိုင်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပခဲ့ရာ ဌာနတွင်းထူးချွန်ဝန်ထမ်းများ ၊ ပြည်ပထူးချွန် ဝန်ထမ်းများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ခြင်း ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ ဝန်ထမ်းမိသားစုဝင်များအား ပျော်ရွင်စွာ ဖြင့်  ကံစမ်းမဲဖောက်ပေးခြင်းနှင့် အဆို၊ အက၊ အကျွေးအမွေးများတို့ဖြင့် ဧည်ခံခြင်းများ ပြုလုပ်ခဲ့ ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.