သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ၂၀၂၂- ၂၀၂၃ခုပညာသင်နှစ်သင်တန်းဆင်းလက်မှတ်ပေးအပ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်(၁၃:၃၀)နာရီတွင် အမျိုးသားဇာတ်ရုံ(မန္တလေး) ၌ကျင်းပသည့် အနုပညာအထက်တန်းကျောင်း(မန္တလေး)၊၂၀၂၂ – ၂၀၂၃ခု ပညာသင်နှစ် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ၊ စွမ်းရည်ပြ ကျောင်းဆင်းလက်ရာမွန်ပြပွဲနှင့် ပဒေသာ ကပွဲသို့ တက်ရောက်သည်။

        သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာ၌ မန္တလေးကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဟု ရှေးယခင်ကတည်းက အသိ အမှတ်ပြုခဲ့ကြပါကြောင်း၊ မန္တလေးမြို့သည် ကုန်းဘောင်နောက်ဆုံးမင်းဆက် ထီးနန်း ဆိုက်ရာ မြို့တော်ဖြစ်ခဲ့၍ မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများ များစွာ   ကျန်ရစ် ခဲ့ပါကြောင်း၊ ထို့ပြင် ရိုးရာပန်းဆယ်မျိုး ပွင့်လန်းရှင်သန်သည့် မြို့ကြီးဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုရနံ့ သင်းပျံ့ကြိုင်မွှေးသည့် မြို့ကြီးဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပျိုးဥယျာဉ်တစ်ခုဖြစ်လာမည့် ပန်တျာကျောင်းသည် ၁၉၅၃ ခုနှစ် ကစတင်ပြီး မန္တလေးမှာ သန္ဓေတည်ခဲ့ပါကြောင်း၊ ဂီတသဘင်ပညာရှင်များကို မွေးထုတ်ပေးခဲ့ပါကြောင်း၊ အငြိမ့် မြို့တော်ဟုလည်း  နာမည်ရခဲ့သည့် မန္တလေးမြို့တွင် အငြိမ့်အဖွဲ့များ လက်ညှိးထိုးမလွဲအောင် ရှိခဲ့ပါကြောင်း၊ ပန်တျာကျောင်းဆင်း အငြိမ့် မင်းသမီးများ,   ဆိုင်းဆရာများက  မြန်မာ့အငြိမ့် သဘင်အမွေအနှစ်ကို စောင့်ရှောက်ခဲ့ ကြပါကြောင်း၊ ပွင့်လင်းရာသီများတွင် ဆိုင်းသံ၊ ဗုံသံ၊ ဆိတ်ငြိမ်သည့်ည မန္တလေးတွင် မရှိခဲ့ပါကြောင်း၊ သဘင် ဂီတမျိုးဆက်များ မွေးထုတ်ပေးသကဲ့သို့ ပန်းချီပန်းပု မျိုးဆက်များကိုလည်း   မွေးထုတ်ပေးခဲ့ပါကြောင်း၊ အောင်မြင်ထင်ရှားသည့် ပန်းချီပန်းပု ပညာရှင်များနှင့် သဘင်ဂီတပညာရှင်ပေါင်းများစွာသည် ပန်တျာ နှင့်ပန်းချီပန်းပုကျောင်း တော်ကြီးများ၌ ပညာရည်နို့ သောက်စို့ခဲ့ကြပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ပန်တျာနှင့် ပန်းချီပန်းပုကျောင်းကို အနုပညာအထက်တန်း ကျောင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ သင်တန်းသားများ၏ လူ့အရင်းအမြစ် တိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ ယခင်က ပန်တျာကျောင်းတွင် သဘင်၊ ဂီတနှင့် ပန်းချီပန်းပုကျောင်းတွင်  ပန်းချီပန်းပုဘာသာရပ်သာ သင်ကြားပေးပါကြောင်း၊  ယနေ့ အနုပညာအထက်တန်းကျောင်း ဖြစ်လာသည့်အချိန်တွင် အဆိုပါ အနုသုခုမပညာရပ် များအပြင် အထက်တန်းကျောင်းဘာသာရပ်တွေကိုပါ သင်ယူခွင့်ပေးခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားကြရပြီး အစိုးရစာမေးပွဲ များမှာ ဝင်ရောက်ဖြေဆိုခွင့်ရှိခြင်းကြောင့် ယနေ့အနုပညာအထက်တန်းကျောင်းဆင်း အချို့သည် အနုသုခုမပညာအပြင် အခြေခံပညာအထက်တန်းအောင်မြင်သူများ ပေါ်ထွန်း လာပါကြောင်း၊ ထိုမှတဆင့် အမျိုးသားယဉ်ကျေးမှုနှင့် တက္ကသိုလ်သို့ တက်ရောက်၍ B.A, M.A အထိ တက်လှမ်းနိုင်သည့်လမ်းကြောင်းကို ခင်းပေးထားပါကြောင်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပညာရေးသည် အသက်မွေးဝမ်းကျောင်းပညာရေး (Vocational Education) ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး၌ရှိသည့် သဘင်၊ ဂီတ၊ ပန်းချီပန်းပုနှင့် ရုပ်ရှင်ပြဇာတ်စသည့် အနုပညာရပ်ဝန်းများတွင် ရှင်သန် ရပ်တည်ကြ ရမည် ဖြစ်ပါကြောင်း၊ မိမိတို့တတ်ကျွမ်းရာအနုပညာနှင့် နိုင်ငံကို အကျိုးပြု ကြရမည် ဖြစ်ပြီး ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါကြောင်း၊ ကိုဗစ် – ၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံကောင်းကျိုးမလိုလားသူများ၏ ပယောဂကြောင့်    သဘင်ဂီတ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊   အနုပညာလုပ်ငန်းများသည် ကာလကြာမြင့်စွာ မလည်ပတ်နိုင်တော့သည့်အတွက် အနုပညာရှင်များ၏ ဝမ်းရေးရပ်တည်မှု ခက်ခဲလာကြ ပါကြောင်း၊ ယနေ့အချိန်၌ ၎င်းအခြေအနေဆိုးများ နည်းပါးသွားပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မိမိတို့တာဝန်ယူထားသော သဘင်အစည်းအရုံးနှင့် ပန်းချီပန်းပု အစည်းအရုံးတို့ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ သဘင်ဂီတပညာရှင်များ၏ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ရှင်သန်လာသည်နှင့်အမျှ အနုပညာ ကျောင်းဆင်း တို့၏ အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အနုပညာအထက်တန်းကျောင်း(မန္တလေး) ၏ (၂၀၂၂ – ၂၀၂၃) ပညာသင်နှစ်တွင် ပန်တျာသင်တန်းသားများအနေဖြင့် ပထမနှစ်တွင် ကျောင်းသား၅ ဦး၊ ကျောင်းသူ ၈ ဦး၊ ဒုတိယနှစ်တွင် ကျောင်းသား ၇ ဦး၊ တတိယနှစ်တွင် ကျောင်းသား ၉ ဦး၊ ကျောင်းသူ ၃ ဦးနဲ့ စုစုပေါင်း ၃၂ ဦးရှိပါကြောင်း၊ ပန်းချီ၊ ပန်းပု သင်တန်းအနေဖြင့် ပထမနှစ်တွင် ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁ ဦး၊ ဒုတိယနှစ်တွင် ကျောင်းသား၂ ဦး၊ တတိယနှစ်တွင် ကျောင်းသား ၄ ဦး စုစုပေါင်း ၁၇ ဦးရှိပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်ကို တွဲဖက်သင်ကြားနေသူများ အနေဖြင့် Grade (10) တွင် ကျောင်းသား၄ ဦး၊ ကျောင်းသူ ၅ ဦး၊ Grade (11)စနစ်သစ်တွင် ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၂ ဦး၊ Grade (11)စနစ်ဟောင်းတွင် ကျောင်းသူ ၂ ဦး၊ စုစုပေါင်း ၁၈ ဦး ရှိပါကြောင်း၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ   ယခု ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အထိ   အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး သူ(၁၄) ဦးနှင့် ဂုဏ်ထူးရှင်(၁၀)ဦးတို့ ပေါ်ထွက်ခဲ့ပါကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် ပန်တျာဌာနမှ သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးနှင့် ပန်းချီပန်းပုဌာနက သင်တန်းသား (၄) ဦးတို့ သင်တန်းဆင်းကြမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်း မောင်မယ်တို့အနေနှင့် ကျောင်းတော်ကြီးက သင်ကြားပို့ချပေးလိုက်သည့်  မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမ ပညာရပ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိတို့တတ်စွမ်းသမျှ တိုးတက် ပြန့်ပွားအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊  ထိုသို့ဆောင်ရွက်ခြင်းသည်  မိမိတို့အား ပညာသင်ကြားပေးလိုက်သည့် မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာ၊ အနု ပညာဦးစီးဌာန၏ ဂုဏ်သိက္ခာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နေခြင်းပင်ဖြစ်ပါကြောင်း၊နိဂုံးချုပ်အနေနဲ့ ထပ်ဆင့်မှာကြားလိုသည်မှာ အနုပညာအထက်တန်းကျောင်း(မန္တလေး)တွင် တက်ရောက် သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က ပညာသင် ထောက်ပံ့ကြေးများကို သင်တန်းကာလ အစမှ အဆုံးထိတိုင် ပေးအပ်လျက်ရှိပါသဖြင့် ကျောင်းသား၊ ကျောင်းသူများက  နိုင်ငံတော်၏ ကျေးဇူးကို စောင့်သိသောအားဖြင့် ပညာကို ကြိုးစားသင်ယူကြစေလိုပါကြောင်းနှင့် နိုင်ငံတော်၏ ဦးတည်ချက်(၁၂) ရပ်တွင် ပါဝင်သည့် “တိုင်းရင်းသား လူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသည့်အချက်ကို အလေးနက်ထားကာ ကျရာတာဝန်၊ ရောက်ရာ နေရာမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်  တိုက်တွန်းမှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်တျာဌာနနှင့် ပန်းချီပန်းပုဌာနတို့မှ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ(၁၆)ဦးတို့ကို သင်တန်းဆင်း အောင်လက်မှတ် များ ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဆင်းထူးချွန် ကျောင်းသား ၅ ဦးအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကာ ကျောင်းသား ကျောင်းသူများတင်ဆက်ကပြသော ကျောင်းဆင်း စွမ်းရည်ပြ ပဒေသာကပွဲကို ကြည့်ရှု့ အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.