၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော်၊ ၇-၄-၂၀၂၃

၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယ အကြိမ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ ၇-၄-၂၀၂၃ ရက်နေ့ (၁၃:၀၀)နာရီမှ (၁၇:၀၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

              ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန်နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မကြာခင် ရောက်ရှိတော့မည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်ကို ကူးပြောင်းရောက်ရှိတော့မည့် နှစ်ဦးအကြို မဟာ သင်္ကြန်ကာလတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေရန် ဦးစွာပထမ ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း၊

              သင်္ကြန်ဆိုသည့် ဝေါဟာရသည်ပါဠိဘာသာ သင်္ကန္တ၊သက္ကတဘာသာ “သင်္ကြန္တ”မှ ဆင်းသက်လာသောဝေါဟာရဖြစ်ပါကြောင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ မြန်မာပြက္ခဒိန်အလိုအရ  ကူးပြောင်းခြင်းဖြစ်ပြီး နှစ်ဟောင်း၏ နောက်ဆုံးလ တပေါင်းလသည် နှစ်တစ်နှစ်တာ ကုန်ဆုံးပြီး တန်ခူးလသည် နှစ်တစ်နှစ်တာစတင်ခြင်းဖြစ်သည့်အတွက်  နှစ်သစ် ကူးပြောင်းသည့်အချိန်အခါ”ဟု  သတ်မှတ်ကြပါကြောင်း၊

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာသာသနာသည် နိုင်ငံသားအများစု၏ ကိုးကွယ်ရာဘာသာတရားတစ်ခုဖြစ်ပါကြောင်း၊ ထိုဗုဒ္ဓဘာသာတရား၏ အဆုံးအမနှင့် ယှက်နွယ် ဆက်စပ်နေသော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးစံများလည်းရှိပါကြောင်း၊ ဥပမာအားဖြင့် သီတင်း ကျွတ်ကာလ ဆီမီးထွန်းညှိပူဇော်ပွဲ ဖြစ်ပါကြောင်း၊

              မဟာသင်္ကြန်ပွဲတော်သည် ကိုးကွယ်ယုံကြည်မှု ဘာသာတရားနှင့် တိုက်ရိုက်မသက်ဆိုင် သော်လည်း သက်ဝင်ယုံကြည်မှု မိရိုးဖလာဓလေ့ထုံးစံအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ ပုဂံခေတ်မှာကတည်းက ရှိပြီးဖြစ်သည်ဟု အထောက်အထားများအရ သိရှိနိုင်ပါကြောင်း၊

              ယခုရောက်ဆဲကာလသည် ရတု-၆ ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည့် “ဝသန္တရတု” ဖြစ်ပါကြောင်း၊ ရာသီအားဖြင့် “မိဿ”ရာသီ ဖြစ်ပြီး လအလိုအားဖြင့် တန်ခူးလဖြစ်ပါကြောင်း၊ စန်းယှဉ်နက္ခတ်က “စိတြ”နက္ခတ်ဖြစ်ပါကြောင်း၊ ရာသီပန်းအနေဖြင့် ကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ ပိတောက်ပန်းတို့ ပွင့်လန်းသည့် ရာသီဖြစ်ပါကြောင်း၊

              ကမ္ဘာကြီးသည် နေကို မိဿရာသီတန်ခူးလမှ စတင် လှည့်ပတ်သည့်အတွက် သူရိယသိဒ္ဓန္တ ကျမ်းအလိုအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့် ကြာမြင့်ချိန်တွင် နှစ်တစ်ပတ်လည်သည်ဟု သတ်မှတ်ကြပါကြောင်း၊ ဒါကြောင့် တန်ခူးလ၊ မိဿရာသီမှာ နှစ်သစ်ကူးပြောင်းသည့် အတာရေ သဘင်ပွဲကို ဆင်နွှဲကြခြင်းဖြစ်ပါကြောင်း၊ ဥတုရာသီ၏ သဘာဝပူပြင်း ခြောက်သွေ့မှုကို ပြေလျော့ စေရန် အတာရေသွန်းလောင်းကြခြင်း ဖြစ်ပါကြောင်း၊ အထက်အညာဒေသ ဓလေ့ထုံးစံအရ သက်ကြီးဝါကြီး လူကြီးမိဘများကို ရေအိုးအပါအဝင် လှူဖွယ်ပစ္စည်းများနှင့်အတူ “ရေ” ကန်တော့ ကြပြီး နိုင်ငံ၏ နေရာဒေသအသီးသီး၌ သင်္ကြန်ကို သူ့ယုံကြည်ချက်၊ သူ့ဓလေ့ထုံးစံများနဲ့အတူ ဆင်နွှဲလေ့ရှိကြပါကြောင်း၊

              နှစ်သစ်၏ ကောင်းကျိုးချမ်းသာများကို ရည်မျှော်ပြီး အလှူဒါနပြုခြင်း၊ စတုဒီသာ ကျွေးမွေးခြင်း၊ ဘုရားကျောင်းကန်များတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ မိမိ မိသားစုနှင့် ပတ်သက်သော အိုးအိမ်အဆောက်အအုံ၊ ဘုရားဆင်းတုတော်များ၊ လုပ်ငန်းနေရာဌာနများ၊ မိမိတို့၏ အသုံးအဆောင်ပစ္စည်း ပရိဘောဂများကို ဆေးကြောသန့်စင်ခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိကြ ပါကြောင်း၊ သက်ကြီး ဝါကြီးများကို ခေါင်းလျှော်၊ ခြေသည်းလက်သည်း လှီးဖြတ်၍ သန့်စင်ပေးခြင်း၊ အဝတ်ပုဆိုး၊ အစာအဟာရ၊ ဆေးဝါးနှင့် ဝတ္ထုငွေများ လှူဒါန်းထောက်ပံ့ခြင်းအပြင်၊ သတ္တဝါများကို ဘေးမဲ့လွှတ်ခြင်းများလည်း ပြုလုပ်လေ့ရှိကြပါကြောင်း၊ သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် သံဃာတော် များကို ပင့်ဖိတ်ပြီး ရပ်ဓလေ့၊ ရွာဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ ပရိတ်ပဋ္ဌာန်းများ၊ အန္တရာယ်ကင်း ကမ္မဝါရွတ်ဖတ်ခြင်းများကိုလည်း ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်အိုးများနှင့်အတူ ဆောင်ရွက် လေ့ရှိကြပါကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် သင်္ကြန်ဆိုသည့် မိရိုးဖလာဓလေ့ထုံးတမ်းကို ဘာသာ တရား၏ ယဉ်ကျေးမှုအဆုံးအမနှင့် ပေါင်းစပ်ကာ ကောင်းမြတ်သောအစဉ်အလာအဖြစ် ဆက်ခံ ထိန်းသိမ်းခဲ့ကြခြင်းပင် ဖြစ်ပါကြောင်း၊

              နိဂုံးချုပ်အနေဖြင့် မကြာမီ ရောက်ရှိတော့မည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှစ၍ ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှုရိုးရာအစဉ်အလာများကို ထိန်းသိမ်းပြီး ယဉ်ယဉ်ကျေးကျေး ရေကစားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

              ထို့နောက် ၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်အား  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီးဒေါ်နုမြဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများက သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းပေးခဲ့ကြပါသည်။

              ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်  ဦးစီးဌာနများက သာကူ၊ မုန့်လုံးရေ‌ပေါ်၊ ကြာဇံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင်အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့် သင်္ကြန်ရိုးရာ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြပြီး အနုပညာ ဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်းများ၊ ယဉ်ကျေးမှုယိမ်း အကများ၊ သံချပ်တို့ဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေခဲ့ကြရာ  အနုပညာရှင်ဝန်ထမ်းယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

              ၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.