အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိရန်ကုန်၊ ဧပြီလ ၂၆ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စန်ရှီးပြည်နယ်၊ ရှီအန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄)
ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ
ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ နေ့လယ် ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်မြို့ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် သာသနာရေး နှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့
တည်ထောင်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုကို
မူလအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး
မြန်မာနိုင်ငံနှင့်အတူ သီရိလင်္ကာ နိုင်ငံ နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့လည်း
အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ မူလ အဖွဲ့ဝင် (၁၀) နိုင်ငံအပြင်
လေ့လာသူနိုင်ငံများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တာဂျစ် ကစ်စတန်နိုင်ငံ၊
ဥဇဘတ်ကစ်စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မဟာမိတ်အဖွဲ့ကောင်စီ အစည်းအဝေးတွင်
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွဲ့ဝင်နိုင်ငံအသစ်
အနေဖြင့်လည်းကောင်း၊ မဟာမိတ် အဖွဲ့တည်ထောင်မှု အခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံ၏

ယဉ်ကျေးမှုဝန်ကြီး အနေဖြင့်လည်းကောင်း မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက အာရှယဉ်ကျေးမှု
အမွေအနှစ်များ မဟာမိတ်အဖွဲ့ စည်းမျဉ်းစည်းကမ်းမူကြမ်းများကို အတည်ပြုခြင်း၊ ၂၀၂၃ –
၂၀၂၄ လုပ်ငန်းစဉ်ကို ဆွေးနွေးခြင်း၊ မဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်ကို
ရွေးချယ်ခြင်း၊ ရှီအန်းကြေညာချက်ကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်ကာလအတွင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ၊
ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့်

ရှေးဟောင်းသုတေသန ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြည်ထောင်စု ဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
နိုင်ငံတော်ကောင်စီဝင် H.E SHEN Yiqin၊ နိုင်ငံတော် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဗျူရိုမှ
တာဝန်ရှိသူများ၊ စန်ရှီးပြည်နယ် ပါတီ အတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူး၊
ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ
တာဝန်ရှိသူများနှင့်လည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အာရှယဉ်ကျေးမှုအမွေအနှစ်များ
မဟာမိတ်အဖွဲ့အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့် အာရှတစ်ဝှမ်းရှိ
ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး နယ်ပယ်တွင်
ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည့် အမွေအနှစ်နေရာဒေသများ
ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ ပြတိုက်အချင်းချင်းဖလှယ်ခြင်း၊
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ အမည်စာရင်းတင်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့်
စီမံခန့်ခွဲခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ တရားမဝင်တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့ကို

တားဆီးခြင်း၊ ဒေသတွင်း ပျောက်ဆုံး သွားသော ယဉ်ကျေးမှုပစ္စည်းများ ပြန်လည်ရရှိမည့်
အစီအစဉ်များ၌ နိုင်ငံတကာဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.