၂၀၂၃ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံမှ ကြီးမှူး ၍ ၃၄ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ၂၈.၄.၂၀၂၃ ရက်နေ့ နေ့လည် မြန်မာစံတော်ချိန် (၁၃:၀ဝ) နာရီတွင် Online စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအဆင့်မြင့် အရာရှိကြီးဖြစ်သူ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) ဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
၃၄ ကြိမ်မြောက် အာဆီယံ လူမှု- ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုရေးရာ ညှိနှိုင်းရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးညှိနှိုင်းမှုဝန်ကြီး၏ ဝါရင့်အကြံပေးပုဂ္ဂိုလ် Dr. Joko Kusnanto Anggoro က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကျန်းမာရေး ကတိကဝတ်ပြုမှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်၊ အကျပ်အတည်း အခြေအနေများတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် မိသားစုဝင်များအား အကာအကွယ်ပေးရေး အာဆီယံကြေညာစာတမ်း၊ ရွှေ့ပြောင်းငါးဖမ်းလုပ်သားများ နေရာချထားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံ ကြေညာ စာတမ်းနှင့် အာဆီယံကျေးရွာ ကွန်ရက် တည်ထောင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တို့နှင့်ပတ်သက်၍လည်းကောင်း၊ ဘန်ဒါဆရီဘီဂါဝန်ကြေညာစာတမ်းပါ အာဆီယံ ၏ အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်များဆိုင်ရာတုံ့ပြန်မှုများကို ချိတ်ဆက်ရန် အာဆီယံ မဟာဗျူဟာနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ လတ်တလောအခြေအနေများ (ASEAN SHIELD) နှင့် အာဆီယံ အသိုက်အဝန်း၏ ၂၀၂၅ အလွန်မျှော်မှန်းချက်ဆိုင်ရာ Ha Noi ကြေညာ စာတမ်း၏ နောက်ဆက်တွဲအဖြစ် အဆင့်မြင့်လုပ်ငန်းအဖွဲ့ High-Level Task Force (HLTF) အစည်းအဝေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် လမ်းညွှန်အခြေပြမြေပုံ ၂၀၂၅ နှစ်လယ် အစီရင်ခံစာ ရေးသားတင်သွင်းခဲ့မှု အခြေအနေ၊
၂
ကဏ္ဍစုံ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ဆက်စပ်လုပ်ငန်းအစုအဖွဲ့များနှင့် ASEAN Comprehensive Recovery Framework (ACRF) နှင့် ၎င်း၏ အကောင်အထည်ဖော်ရေး အစီအစဉ်၊ စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် စုစည်းထားသော မဟာဗျူဟာ၊ အာဆီယံ စီးပွားရေး အသိုက် အဝန်းမဏ္ဍိုင် Circular Economy ၏ မူဘောင် ၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး လျှောက်ထား လာမှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၂၅ ၊ အာဆီယံ သုတေသန နှင့် ဖွံ့ဖြိုးမှုစင်္ကြံများ ၊ အာဆီယံပြည်သူများအကြား ပိုမိုနားလည်မှု၊ သင့်မြတ်မှုနှင့် ဒေသဆိုင်ရာ အစီအစဉ်များကို နားလည်သဘောပေါက်သည့် လိုက်လျောညီထွေမှုရှိသော အာဆီယံအသိုက်အဝန်း မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာပြစာအုပ်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ အဖွဲ့ရုံးအသီးသီးတွင် Secondment Officer အရာထမ်းများအား တွဲဖက် ခန့်အပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာ ၃ ခုကို အတည်ပြုရန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ညနေ ၁၆:၃၀ နာရီတွင် အစည်းအဝေး အား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။