သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပမေလ ၅ ရက်နေ့၊ နေပြည်တော်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)တို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ ၁၄:၁၅ နာရီတွင် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အကြံပေး ဒေါက်တာကျော်သူနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)အဖွဲ့ကို ပထမဦးဆုံးအနေဖြင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ယခုအသင်းအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်မှာ ဘာသာရေးဆိုင်ရာ ပြဿနာများ စွပ်စွဲပုတ်ခတ်မှုများရှိပါက အစိုးရ မဟုတ်သော အဖွဲ့အစည်းပုံသဏ္ဍာန်ဖြင့် ဖြေရှင်းဆောင်ရွက်ရန်၊ ဘာသာရေးဆိုင်ရာလုပ်ငန်း များနှင့်ပတ်သက်၍ အလွတ်သဘောဆောင်ရွက်ရန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူရန်ဆိုသည့်မူဝါဒကို ကျင့်သုံးဆောင်ရွက်ရန် တို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်း/ ပြည်ပတွင် ဘာသာရေးနှင့်ပတ်သက်၍ ပြဿနာများပွတ်တိုက်မှုများ ရှိလာပါက ကူညီဆောင်ရွက် ဖြေရှင်းပေးစေလိုပါကြောင်း၊

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည်   လူသိများသည့်အဖွဲ့ကြီး ဖြစ်ပါကြောင်း၊ အဖွဲ့ကြီး၏ရည်ရွယ်ချက်များနှင့်အညီ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဟူ၍ ဘာသာကြီး(၄)ခု ရှိသည့်အပြင် နတ်ကိုးကွယ်မှု များပါရှိနေသော်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိကြိုက်နှစ်သက်ရာဘာသာကို

လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိပါကြောင်း၊ ဘာသာကြီး(၄)ခု၏ မတူညီသည့် အယူဝါဒ များအကြား ကြီးနိုင်ငယ်ညှင်း ကိစ္စများမရှိပါကြောင်း၊

ဘာသာပေါင်းစုံအတွက် ညီညွတ်စည်းလုံးမှုရရှိစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်းနှင့် အဆိုပါအဖွဲ့မှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသည့် လုပ်ငန်းများဖြစ်သည့် Mobile Team ခွဲများဖြင့် မျက်စိခွဲစိတ်ပေးခြင်း၊ သွေးလှူခြင်း၊ အောက်စီဂျင် စက်များလှူဒါန်းပေးခြင်း၊ သင်္ကြန်ကာလတွင် မိဘမဲ့ကျောင်းများတွင် စတုဒီသာများ  ကျွေးမွေး လှူဒါန်းခြင်း၊ အဖွဲ့၏မဂ္ဂဇင်းထုတ်ဝေရန် ဆောင်ရွက်လျက်ရှိခြင်းများအတွက် ကျေနပ်အားရမိ ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အကြံပေးတို့မှတင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ (၄) ဘာသာ ပိုမိုစည်းလုံးချစ်ခင်ကြစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အတွက်လည်း အဖွဲ့များပြန်လည်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို အသီးသီး ခွဲဝေယူကြရန် အတွက် ဗဟိုအဖွဲ့အစည်းမှ ချမှတ်ပေးသွားရန်ပြောကြား၍ တွေ့ဆုံဆွေးနွေးပွဲကို ၁၅:၃၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.