သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူညှိနှိုင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ ၊ ၁၄:၀၀ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးဦးကိုကိုမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆို်ငရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖျောဖြေရေးလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများ၊ ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် သာသနာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များနှင့် ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် တာဝန်ယူဆောင်ရွက် ပေးရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် တာဝန်ရှိသူအသီးသီးက ၎င်းတို့၏ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ယူဆောင်ရွက်မည့် ကိစ္စများကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးတွင် မိမိဌာနအတွက် အကျိုးရှိစေမည့် အချက်အလက်များကို ဝိုင်းဝန်းတင်ပြကြသည့်အတွက် ကျေနပ်မိပါကြောင်း မိမိတို့ ဌာနအနေဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများ၊ ပြသရမည့် ပြခန်းများနှင့် ပတ်သက်၍ ကျစ်ကျစ်လစ်လစ် စုစုစည်းစည်းဖြင့် အနုပညာ ပစ္စည်းများ ပြည့်စုံစေရန်လည်း အဓိကလိုအပ်ပါကြောင်း တာဝန်ထမ်းဆောင်ရာ၌ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ပြောကြား၍ အစည်းအဝေးကို ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။