အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက် နေပြည်တော် ၊ ၂၀၂၃ မေလ ၁၁

အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှ (ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့ သမိုင်းအဖွဲ့)၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အမှာစကားပြောကြား ရာတွင် ယနေ့စတုတ္ထအကြိမ် ကျင်းပပြုလုပ်သည့် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ အစည်းအဝေးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ Online ဖြင့် လည်းကောင်း တက်ရောက်လာသည့် ပညာရှင်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါကြောင်း၊ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုထိန်းသိမ်းမြှင့်တင်နိုင် ရေးအတွက် နိုင်ငံ၏ စီးပွားရေးမူဝါဒ (၁၂)ချက်နှင့်အညီ မိမိတို့ဦးစီးဌာနက အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများတွင် မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်မှုများကို နိုင်ငံတကာက အသိအမှတ်ပြုလာနိုင်စေရန်နှင့် UNESCO ထိန်းသိမ်းဆောင်ရွက်မှုစာရင်းများမှာ ပါဝင်စေရေးအတွက် ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး ကွန်ဗင်းရှင်းကို ၂၀၁၄ ခုနှစ်မှစ၍ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ UNESCO ၏ ၂၀၀၃ ခုနှစ် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ မိမိတို့က အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် လုပ်ငန်းစဉ်များကို အဆင့်လိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း   (၁၀၀) ကျော်၏ ဘာသာစကားများ၊ ဝတ်စား ဆင်ယင်မှုများနှင့် ဓလေ့ထုံးစံများ အစရှိသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အလွန်များပြားစွာရှိပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများကို ကောက်ယူခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ခေါင်းစဉ် (၂၂၈၉) ခုကို စာရင်းမှတ်တမ်း ကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းဖော်ပြမှု မဆောင်ရွက်ထားပါက နိုင်ငံအချို့၏ ပုံတူကူးယူမွေးစားခြင်း ခံရမှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းခြင်း၊ သတင်းအချက် အလက်များဖလှယ်ခြင်းတို့  ဆောင်ရွက်နိုင်ရန်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိူးသားပြတိုက်ဦးစီးဌာနက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO အသိအမှတ်ပြု Representative List of the Intangible Cultural Heritage of Humanity တွင် ပါဝင်နိုင်ရန် အတွက် Nomination File သတ်မှတ်စံနှုန်းများနှင့်အညီ ဖြည့်စွက်၍ ၃၀-၃-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ၂၄-၃-၂၀၂၃ ရက်နေ့တွင် လည်းကောင်း၊ Living Heritage Entity Culture Sector UNESCO  (France) သို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်ရှင်သန်ပြီး တည်တံ့စေရန် အတွက် နိုင်ငံတော်ကအားပေးကူညီလျက်ရှိပြီး ဥပဒေအရ ထိန်းသိမ်းနိုင်ရန်လည်း ဒြပ်မဲ့ယဉ်ကျေးမှု ဆိုင်ရာ ဥပဒေတစ်ရပ်‌ ပေါ်ထွန်းလာစေရေးအတွက် ဝိုင်းဝန်းအကြံပြုချက်များနှင့်အတူ ဥပဒေရေးရာ ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း မိမိတို့ သမိုင်းစဉ်တစ်လျှောက် လက်ဆင့်ကမ်းလာခဲ့သည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ဆက်လက်ရှင်သန်လာစေရန်၊ ယခု ပြုစုပြီးသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများအား အမျိုးသားအဆင့်၊ တိုင်းဒေသကြီးအဆင့်ပါ ခွဲခြားသတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး မှ ဦးစီးဌာနတာဝန်ခံများနှင့် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာပညာရှင်များ၊ ရိုးရာလုပ်ငန်းများ၊ လူမှုရေးအဖွဲ့အစည်းများ စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားဖြင့် မိမိတို့၏ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ video conferencing ဖြင့်တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်လျက်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါကြောင်း သိရှိရပါသည်။

သတင်းစဉ်