သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တို့ပူးပေါင်းဖွင့်လှစ်သည့် မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်   ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းဂျက်ကော့ထူး၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာပြက္ခဒိန်ပညာရှင်များ၊ သင်တန်းသားများနှင့်အတူ ယနေ့နံနက် ၉ : ၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၁၃၁)အနုပညာအထက်တန်းကျောင်း၌ ကျင်းပသော ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် မြန်မာ ပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်အခါသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အတွက်သော်လည်းကောင်း၊  မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကြီးအတွက်သော်လည်းကောင်း ထူးခြားသစ်လွင်သည့် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပါကြောင်း ဦးစွာ ပဏာမပြောကြားလိုပါကြောင်း၊

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး    ၂ နှစ်ခန့်အကြာ ၁၉၅၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာ့ဓလေ့ထုံးစံများနှင့်အညီ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုအထိသက်တမ်း ၇၄ နှစ်အတွင်းချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊

          ယနေ့စတင်ဖွင့်လှစ်သည့်“မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း” သည်မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ကြီး၏ နှစ်ပေါင်း ၇၄ နှစ်သက်တမ်းအတွင်း ပထမဦးစွာ စတင်ဖွင့်လှစ် နိုင်သောသင်တန်းဖြစ်ပါကြောင်း၊  ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသည့် ပညာရှင်ကြီးများ၏ ပြုစုပျိုးထောင်မှု၊ သမိုင်းအဆက်ဆက်တွင် ဤဝန်ကြီးဌာန၏ တာဝန်ကို ပခုံးပြောင်းတာဝန်ယူ ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီး၏တာဝန် ကျေပွန်ခဲ့မှုများကြောင့် ယနေ့ယခုအချိန်တွင် ဤသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊

          ရှေးနှစ်ပေါင်းများစွာကပင် ရဟန်းပုဂ္ဂိုလ်၊  လူပုဂ္ဂိုလ်ပညာရှင်အသီးသီးတို့က နည်းယူလေ့လာ ကြိုးပမ်းအားထုတ်ပြီး အထောက်အထားခိုင်မာစွာ  မှတ်တမ်းပြုစုထားရှိခဲ့ကြသည့် “သံဒိဋ္ဌတွက်ရိုး ပညာ၊ သူရိယသိဒ္ဓန္တတွက်ရိုးပညာ၊ သင်္ကြန်တွက်ရိုးပညာ၊ ပြက္ခဒိန်ပညာ၊ နက္ခတ္တပညာ၊  လထပ် ရက်ငင်လေ့လာချက်ပညာ၊ နေကြတ်၊ လကြတ် လေ့လာချက်ပညာ၊ ဇာတာဖွဲ့နည်းပညာနဲ့မင်္ဂလာ အခါပေးပညာရပ်” များကို ယခုဖွင့်လှစ်သောသင်တန်းတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊

            ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည်ဟု အသိအမှတ်ပြုခြင်းခံရသော နိုင်ငံတိုင်းသည် ကိုယ်ပိုင်ပြက္ခဒိန်ကို ရေးဆွဲပြီးအသုံးပြုနိုင်ကြပါကြောင်း၊ ပြက္ခဒိန်ဆိုသည်မှာ နေ့၊ ရက်၊  လ၊  နှစ်၊   ရာသီနှင့်အချိန်တို့ကို ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၌ သတ်မှတ်ရေးဆွဲထားသော ပြက္ခဒိန်များတွင် ရက်၊ လ၊ နှစ် ကာလအပိုင်းအခြားများသာမက ထိုပြက္ခဒိန်ရေးဆွဲသည့် နိုင်ငံတို့၏ ဓလေ့ထုံးတမ်းများ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရားဆိုင်ရာများ၊ ဆောင်အပ် ရှောင်အပ်သည်များ၊ သဘာဝရာသီဥတု၏ သဘောတရားများ ဥပုသ်ပြုရန် ရက်သတ်မှတ်ချက်များ စသဖြင့် ဗဟုသုတ ဘဏ်တိုက်ကြီးသဖွယ် ပါရှိကြပါကြောင်း၊  

            မြန်မာပြက္ခဒိန်တွင်လည်း မြန်မာတို့၏ ဓလေ့ထုံးတမ်းအရ လပြည့်၊ လကွယ်ရက်များ၊ ဝါတွင်း ဝါပရက်များနှင့် အခြားသိမှတ်ဖွယ်နေ့ရက်များပါရှိပါကြောင်း၊ ခရစ်နှစ်ကို အကြောင်းပြုသော ကမ္ဘာသုံးပြက္ခဒိန်တွင် ရက်သတ္တ တစ်ပတ်ရှိသကဲ့သို့ မြန်မာပြက္ခဒိန်တွင်လည်း တနင်္ဂနွေ အစ စနေ ဆုံးသော ရက်သတ္တပတ် ၇ ရက် ရှိသည်ကို အားလုံးသိကြပြီးဖြစ်ပါကြောင်း၊ ထိုခုနစ်နေ့ ခုနစ်နံ လုံးသည် မြန်မာတို့အတွက် လွန်စွာမှအရေးကြီးပါကြောင်း၊ မြန်မာ့ရိုးရာအစဉ်အလာအရ မွေးဖွား သည့် နေ့သားအလိုက် နံသင့် အက္ခရာကိုယူ၍ တစ်သက်တာအတွက် အမည်သညာ မှည့်ခေါ် သတ်မှတ်ခြင်း၊ နှစ်၊ လ၊ နေ့၊ ရက်၊ နာရီ၊ မိနစ်၊ စက္ကန့်တို့ကို အခြေပြု၍ လူသားတစ်ဉီး၏ တစ်သက် တာအတွက်ဇာတာရေးဖွဲ့ခြင်းများကိုအလေးအနက်ထားပြီးဆောင်ရွက်လေ့ရှိကြပါကြောင်း၊

            မြန်မာပြက္ခဒိန်သည်  မြန်မာလူမျိုးတို့၏  ယဉ်ကျေးမှုထုံးတမ်း စရိုက်လက္ခဏာများထင်ဟပ် လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍  မြန်မာတို့၏ နေ့စဉ်လူမှုဘဝထဲတွင် ပြက္ခဒိန်သည် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ပါကြောင်း၊

            ယ‌နေ့ဖွင့်လှစ်သောသင်တန်းသည် ပြက္ခဒိန်တွက်ရိုးအပါအဝင်  ဆက်စပ်မှုရှိသည့်  ပညာရပ် များကိုပါ  ထည့်သွင်းထားခြင်းဖြစ်ပါကြောင်း၊  ယခုအချိန်အခါတွင် ကွန်ပျူတာပရိုဂရမ်၊ ကွန်ပျူတာ ဆော့ဝဲကဲ့သို့သော နည်းပညာရပ်ဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းများ လူမှုဘဝနယ်ပယ်၌ များစွာတွင်ကျယ် လာသည်ဖြစ်၍ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် ရှေးထုံးနည်းနာ တွက်ချက်မှုပညာရပ်များ၊ တွက်ရိုးများ၊  သင်္ကြန်စာကဲ့သို့သော တွက်ချက်ရေးသားမှုပညာရပ်များ မှေးမှိန်ပျောက်ကွယ် မသွားဘဲ  ရှေးထုံးစံများနှင့်   အညီဝိဝါဒ ကွဲပြားမှုမရှိဘဲ အရှည်တည်တံ့ စေချင်သည့်အတွက် သင်ရိုး ဘာသာရပ် အဖြစ်ထည့်သွင်းသတ်မှတ်ထားခြင်းပင်ဖြစ်ပါကြောင်း၊     

နိဂုံးချုပ်အားဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၌ မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ်ဖြစ်သော ပြက္ခဒိန်ရေးဆွဲခြင်း၊ သင်္ကြန်စာတွက်ချက် ရေးသားခြင်း စသည့် ပညာရပ်များကို နောင်အစဉ်အဆက် တိမ်ကောပပျောက်မှုမရှိစေရန်၊ မျိုးဆက်သစ်များဖြင့် စဉ်ဆက်မပြတ် အင်အားပြည့်ဝနေစေရန် ရည်ရွယ်၍ ဤ“မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း ” ကိုဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် နှစ်နှင့်ချီ၍ ကြိုးပမ်းခဲ့ကြပါကြောင်း၊  သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် သင်ကြားပို့ချပေး ကြမည့် ဥက္ကဋ္ဌ ဆရာတော် အပါအဝင်၊ အကြံပေးအဖွဲ့ဝင် ပညာရှင်များ၊ သင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ၊ ဤသင်တန်းဖြစ်မြောက်ရေးအတွက် အုပ်ချုပ်ထောက်ပံ့ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြပါသော အနုပညာ ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တို့မှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် အသုံးပြုရန် သင်ထောက်ကူပစ္စည်းများနှင့် အလှူငွေများလှူဒါန်းခဲ့သော အလှူရှင်များဖြစ်ကြသည့်  မြန်မာနို်ငငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တဦးပညိန္ဒ၊ ဘဒ္ဒန္တအရိယဓမ္မ (ဒီဃဘာဏက)၊ ဘဒ္ဒန္တဣဒ္ဓိဗလ(သာသနဓဇဓမ္မာစရိယ၊ ဂန္တဝါစကပဏ္ဍိတ)၊ ဘဒ္ဒန္တ အဂ္ဂဓမ္မသာမိ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ဦးအမ်းယုမောင်(မောင်လူမွှေး-မြန်မာမှု) ဒေါက်တာမျိုးဇော်ဦး + သီဟသုဓမ္မသိင်္ဂီဒေါ်အိအိမင်း(ခ)ဒေါ်ပန်းအိမိသားစု၊ ဦးတင်မျိုးအောင်(ခ) ဆရာသဲ + ဒေါ်စန္ဒာညို၊ သဒ္ဓမ္မဇောတိကဓဇဦးရန်နိုင်သိန်း + ဒေါ်ခင်ငြိမ်းငြိမ်းစိုး မြန်မာနိုင်ငံဝေဒ သုတေသနအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဦးကျော်မြင့်၊ မြန်မာနိုင်ငံပြက္ခဒိန်ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁/၂၀၂၃)မှသင်တန်းသားဦးအောင်မြင်ဗိုလ်တို့အားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်ထားရှိရန် စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာ ပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းခန်းမသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။  

Be the first to comment

Leave a Reply

Your email address will not be published.