ပြဇာတ်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရန်ကုန်၊ ၂၄၊ မေ၊ ၂၀၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန် နှင့် မန္တလေး)တို့ ပူးပေါင်းကျင်းပသည့် ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပခဲ့ပါသည်။

          ယင်းအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြဇာတ်ဆိုင်ရာဆွေးနွေးကြမည့် အနုပညာရှင် ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာမှာ ဒီနေ့ကျင်းပတဲ့ ပြဇာတ်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ‌ဆွေးနွေးပွဲဟာ မြန်မာ့ပြဇာတ်ပညာ  ဖွံဖြိုးတိုးတက်ရေး၊  တက္ကသိုလ်နှစ်ခု၏ ရုပ်ရှင်နှင့်ပြဇာတ်ပညာ ဌာနများအနေဖြင့် ပြဇာတ်ပညာသင်ကြားပို့ချမှု အားကောင်းလာစေရေး၊ ပြဇာတ်ပညာ ပျောက်ကွယ် မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လက်တွေ့အသုံးချဖျော်ဖြေတင်ဆက်နိုင်ရေးတို့ကို ရည်ရွယ်ပြီးကျင်းပတာဖြစ်ကြောင်း၊ ဒီကနေ့ဆွေးနွေးပွဲမှာ ပညာရှင်(၇)ဦးက ဖတ်ကြားဆွေးနွေးကြမှာ ဖြစ်သလို မနက်ဖြန်မှာတော့ ရုပ်ရှင် နှင့်ပြဇာတ်ပညာဌာန (ရန်ကုန်)နှင့်(မန္တလေး)တို့မှ ကျောင်းသား၊ ကျောင်းသူများက ပြဇာတ်ပြိုင်ပွဲကို အဖွဲ့(၆)ဖွဲ့နဲ့ ယှဉ်ပြိုင်ကပြတင်ဆက်ကြမှာဖြစ်ကြောင်း၊ ပြဇာတ် မပေါ်မီကတည်းက နိပါတ်တော်ခင်းအကဆိုတာတွေဟာ မြန်မာ့ပြဇာတ်ရဲ့ ရှေ့ပြေးလက္ခဏာတွေ အဖြစ် ရှိနှင့်နေပြီး အဲဒီနောက်မှာတော့ ညောင်ရမ်းခေတ်၊ မြန်မာသက္ကရာဇ်(၁၀၄၆-၁၁၁၆)ခုနှစ်အတွင်း ဝန်ကြီးပဒေသရာဇာ ရေးသားပြီးကပြခဲ့တဲ့ မဏိကက်ပြဇာတ်ဟာ ပြဇာတ်ပုံစံ ပီပီပြင်ပြင်နဲ့ ပထမဦးဆုံး ထွက်ပေါ်လာတဲ့ မြန်မာပြဇာတ်ပဲ ဖြစ်ပါကြောင်း၊      မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်မှာ ပြဇာတ်တစ်ပုဒ်ကို ညစဉ်ရက်ဆက် အခန်းဆက်ကပြရတဲ့ မြန်မာ့နန်းတွင်းပြဇာတ်ကြီးတွေဟာ အင်မတန်မှထင်ရှားကျော်ကြားခဲ့ပါကြောင်း၊ မြန်မာ့ပြဇာတ်တစ်ခေတ်ကို စတင်ထူထောင်ခဲ့သူက ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာဖြစ်ပြီး မြန်မာ့ပြဇာတ်တစ်ခေတ်ကို ပြောင်းလဲခဲ့ကြသူတွေ ကတော့ ကုန်းဘောင်ခေတ်စာဆို ဦးကြင်ဥနဲ့ ဦးပုည တို့ဖြစ်ကြကာ ညစဉ်ရက်ဆက်ကပြရတဲ့ နန်းတွင်းဇာတ်တော်ကြီးများပုံစံက ခွဲထွက်လျက် တစ်ညအတွင်း အပြီးကပြနိုင်တဲ့ ပြဇာတ်တွေကို ရေးသားတင်ပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသူတွေပဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကျရောက်ချိန် ကိုလိုနီခေတ်ပြဇာတ်တွေဟာ နယ်ချဲ့တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့အတွက် ပြဇာတ် တွေနဲ့ ဇာတိမာန်ကိုနှိုးဆော်ပြီး အမျိုးသားရေးတာဝန် ကျေပွန်ခဲ့ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် ရုပ်ရှင်အနုပညာရှင် တွေဟာ မိမိတို့တတ်ကျွမ်းတဲ့ အနုသုခုမပညာဖြင့် ပြဇာတ်များတင်ဆက်ကပြ ဖျော်ဖြေခဲ့ကြပါ ကြောင်း၊ လွတ်လပ်ရေးရခါနီး ၁၉၄၆ ခုနှစ်၊ မတ်လ(၈)ရက်မှာ ရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးကြီး ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရုပ်ရှင်နဲ့ပြဇာတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကာ အဲဒီအချိန်ကစလို့ ခေတ်ပေါ်ပြဇာတ်အသစ်ပုံစံများ ပေါ်ထွက်လာခဲ့တာဖြစ်ပါကြောင်း၊ လွတ်လပ်ရေး ရပြီးခေတ် စာဆိုတော်နေ့တွေမှာ တင်ဆက်တဲ့ ပြဇာတ်တွေ၊ မြေပဒေသာရုံမှာတင်ဆက်တဲ့ ပြဇာတ် တွေနဲ့ နေ့ထူးနေ့မြတ်ပွဲတော်ကြီးတွေမှာ ခင်းကျင်းပြသတဲ့ ပြဇာတ်တွေဟာ ထင်ရှားပါကြောင်း၊ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ စိန်မာဒင်(စိန်မဟာသဘင်)တို့နဲ့ တကွ ဇာတ်သဘင်မျိုးဆက်တွေရဲ့ ပြဇာတ်တွေ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနကဇာတ်အဖွဲ့ရဲ့ ပြဇာတ်တွေဟာ မြန်မာ့ ပြဇာတ်ရေစီးကြောင်းမှာ အားကောင်းမောင်းသန်နဲ့ ရှင်သန်စီးဆင်းခဲ့တာကိုလည်း တွေ့ကြရမှာ ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ပင်မရေစီးကြောင်းကြီးရဲ့ မြစ်လက်တက်တစ်ခုသဖွယ်ဖြစ်တဲ့ ပြဇာတ် ပညာကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးကြရပါကြောင်း၊ ပြဇာတ်ပညာဖြင့် စိတ်ကို ယဉ်ကျေးအောင် ဆုံးမပေးနိုင်ရမှာဖြစ်သလို ခေတ်ရဲ့ကြေးမုံအဖြစ်လည်း ထင်ဟပ်ပြနိုင်ရမှာဖြစ် ကြောင်း၊ ခေတ်ရဲ့လူမှုဘဝ အတွေးအခေါ် ယုံကြည်ချက်၊ ခံယူချက်တွေကို နည်းမှန်လမ်းမှန်ဖြစ်အောင် လမ်းညွှန်နိုင်ရမှာဖြစ်သလို တိုင်းပြည်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာ ရေးတို့ကိုလည်း စွမ်းဆောင်ပေးနိုင်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် အကယ်ဒမီများရှင် ဦးငြိမ်းမင်းက ပြဇာတ်၏တန်ဖိုး၊ ဦးရဲထွဋ်(သန်လျင် မောင်ဝင်းဝါ)က ပြဇာတ်အကြောင်းအနာဂတ်နှင့် စကားစမြည်၊ ဦးစုအောင်(ချစ်စုအောင်)က လက်တွေ့မှသဘောတရားသို့ (သို့မဟုတ်) ကျွန်တော်နှင့် ကျွန်တော့်ပြဇာတ်များ၏ အတွေ့အကြုံ၊ ဦးဝင်းနိုင် (ဘငြိမ်းဝေ)က မြန်မာပြဇာတ် ခေါင်းစဉ်များဖြင့်ဆွေးနွေးတင်ပြပြောကြားကြပါသည်။ နေ့လယ်ပိုင်းတွင်….ဦးနန်းဝင်း(သဘင်ပညာရှင်)က ပြဇာတ်ဖန်တီးမှုဆိုင်ရာအတွေ့အကြုံများ၊ ကထိက ဦးမြတ်လင်းက ပြဇာတ်လက်တွေ့သရုပ်ဆောင်ခြင်း၊ ကထိက ဒေါ်ပပမျိုးက ပြဇာတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇာတ်ရုံများ၏အခန်းကဏ္ဍ  ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြ ပါသည်။ ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်လျက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.