“ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (Staff Capacity Building on English Proficiency Pilot Course)” ဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ၂၉ မေ ၂၀၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အင်္ဂလိပ်ဘာသာ စကား ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၃)ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့သည့် ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်း (Staff Capacity Building on English Proficiency Pilot Course)”ဆင်းပွဲ အခမ်း အနားကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ (၂၉-၅-၂၀၂၃)ရက်နေ့ နံနက် ၁၀:၀ဝ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           သင်တန်းဆင်းပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ၂ဝ၂၃ ခုနှစ် မတ်လ ()ရက်နေ့မှ စတင်၍ ရက်သတ္တပတ်()ပတ်ကြာ ဖွင့်လှစ်လာခဲ့သည့် ဌာနတွင်းဝန်ထမ်း များ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းသည် ပြီးဆုံးအောင်မြင်၍ သင်တန်း တက်ရောက်လာကြသူအားလုံးမှာ သတ်မှတ်ချက် အဆင့်တစ်ခုရောက်ရှိပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊   သင်တန်း၏ ရည်ရွယ်ချက်အတိုင်း သင်တန်းတွင် အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း ပြောတတ်၊ ဆိုတတ်၊ ရေးတတ်၊ ဖတ်တတ်ရုံမျှမက နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ အတွေ့အကြုံများကိုပါ ထည့်သွင်းသင်ကြားပေးသည်ဖြစ်သည့်အတွက် နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စများတွင် အတော်အသင့် နားလည်သဘောပေါက်ပြီဟု ယူဆကြောင်း၊ မကြာခင် (၂၄)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အာဆီယံ လူမှုရေးယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ(ASCC)ကိုလည်း အင်အားတောင့်တင်းအောင် စိတ်ကြိုက်ဖွဲ့စည်းထားကြောင်း၊ ထပ်မံဖြည့်တင်းဖွဲ့စည်းသွားရန်လည်းရှိကြောင်း၊ ပြည်ပသို့ သွားရောက်ရာတွင် အင်္ဂလိပ်ဘာသာစကား ကောင်းမွန်နေရန်လိုကြောင်း၊ မည်သည့်ဘာသာ စကားပဲဖြစ်ဖြစ် မည်မျှလောက်ပဲတတ်တတ် အသုံးမပြုလျင် ဝေးသွားမည်ဖြစ်ကြောင်း၊ ယခု သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် အင်္ဂလိပ်ဘာသာစကား စိတ်ဝင်စားသည့် ဌာနတွင်း ရွက်ပုန်းသီး လူငယ်များကို ဖော်ထုတ်ပေးနိုင်ရုံမျှမက ၎င်းတို့၏ အရည်အသွေးများကိုပါ မြှင့်တင်ပေးနိုင်သည့် အတွက် မိမိကိုယ်မိမိ ယုံကြည်စိတ်ချသည့် အနေအထားသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်အားဖြင့်လည်း မြှင့်တင်ပေးရာရောက်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများသည် အောက်ခြေက တစ်ဖြည်းဖြည်း တက်လာသည့်သူများဖြစ်ပြီး သူတို့၏ အတွေ့အကြုံများကို မျှဝေပေးခြင်းဖြစ်သည့်အတွက် အများကြီး ကျေးဇူးတင်ဖို့ကောင်းကြောင်း၊ သင်တန်းကို Level တူညီနေသူများအား တက်ရောက်စေခြင်းဖြစ်ပြီး Level မတူညီ၍ ကျန်နေခဲ့သူများသည်လည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း၊ ဘာသာစကားဆိုသည်မှာ သင်ယူခြင်းအပြင် ပြောဆိုနေမှ အလေ့အကျင့်ဖြစ်လာမည်ဖြစ်ကြောင်း၊ အမြဲတမ်း လေ့ကျင့်နေ ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ Focal ဖြစ် တာဝန်ယူ ဆောင်ရွက်ရသည့် အာဆီယံ လူမှုရေးယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ(ASCC)ရုံးလုပ်ငန်းများတွင် အားကိုးရသည့်သူများ၊ စွမ်းဆောင်နိုင်သူများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများက သင်တန်းဆင်းစွမ်းရည်ပြသခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူး တင်စကားပြောကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက သင်တန်းဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားကို (၁၁:၁၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)

Be the first to comment

Leave a Reply

Your email address will not be published.