၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ သတင်း နေပြည်တော် ဇွန်လ ၂ရက်

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့ နံနက် ၀၉:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကိုကို၊ ကျင်းပရေးဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင် ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

              အခမ်းအနားတွင် ကျင်းပရေးဗဟိုကော်တီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ၂၄.၄.၂၀၂၃ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် ၉၄/၂၀၂၃ အရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်  လုပ်ငန်းကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် လုံခြုံရေးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပြီး သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်းတာဝန်များ ကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊

              အာဇာနည်နေ့အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ယခင်နှစ် များကဲ့သို့ ဆပ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ အာဇာနည်နေ့အခမ်း အနားများကို နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် နှစ်စဉ်မပျက် ကျင်းပခဲ့သည်မှာ ယခုနှစ်ပါဆို လျှင် (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း။ အခုကဲ့သို့နှစ်စဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်သတိရရုံ သက်သက်မျှမဟုတ်ဘဲ အသက်သွေးချွေးများဖြင့် ပေးဆပ်ပြီးရယူခဲ့ရသည့် လွတ်လပ်ရေး၏ တန်ဖိုးကိုသိရှိနားလည်ပြီး နိုင်ငံလွတ်လပ်ရေးနှင့် ထိုက်တန်သည့် နိုင်ငံ့အချုပ် အခြာအာဏာ တည်မြဲရေးအတွက် ရဲဝံ့စွာဆောင်ရွက်ရမည်ဆိုသည့် စိတ်ဓာတ်ကို လက်ဆင့်ကမ်း အမွေမျှဝေ ပေးနေခြင်းပဲဖြစ်ပါကြောင်း၊ ယခုနှစ်ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားကိုလည်း ယခင်နှစ် နည်းတူအထောက် အကူပြုဆပ်ကော်မတီများ၏ အုပ်ချုပ်မှုဆိုင်ရာပံ့ပိုးမှု ရှုထောင့်အပြင် လုံခြုံရေးရှုထောင့်နှင့် ကျန်းမာရေးရှုထောင့်တို့ကိုပါ အလေးအနက်ထား ထည့်သွင်းစဉ်းစား ကျင်းပသွားကြရမှာဖြစ်ပါကြောင်း၊

              ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူ အလေးပြုခြင်းနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းဆက်ကပ် အမျှပေးဝေခြင်းများ ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ နေပြည်တော်တွင်လည်း နိုင်ငံတော်အဆင့် ဆွမ်းဆက်ကပ် အမျှပေးဝေခြင်း အခမ်းအနားကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ +-

              အာဇာနည်ဗိမာန်မှာပြုလုပ်မည့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားအတွက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ဖိတ်ကြားခြင်း၊ ကြိုဆိုနေရာချထားခြင်း၊ ပန်းခြင်း ပန်းခွေများ စီစဉ်ခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံတမန်များ ဖိတ်ကြား ခြင်း၊ ကြိုဆိုနေရာချထားခြင်း အစီအစဉ်များအပြင်၊ နိုင်ငံရေးပါတီများ၊ NGO အဖွဲ့များကို ဖိတ်ကြားခြင်းနှင့် ပြည်တွင်းပြည်ပသတင်း မီဒီယာများတက်ရောက် သတင်းရယူခွင့်ရှိရန် စီစဉ်ဆောင်ရွက်ခြင်းများကိုလည်း နှစ်စဉ်မပျက် ဆောင်ရွက်နေကျအတိုင်း သက်ဆိုင်ရာ ဆပ်ကော်မတီများက ဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရမှာဖြစ်ပါကြောင်း၊

              လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများအနေနဲ့ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ X-Rays စက်များ တပ်ဆင်ဆောင်ရွက်ခြင်း၊ Walkthrough စက်များ တပ်ဆင်ခြင်း၊ မိုင်းရှာဖွေရေး အဖွဲ့ Bomb Squad များဖြင့် ဆောင်ရွက်ခြင်း၊ အမြင့်တင် စောင့်ကြည့်ရေးစင်များ ပြုလုပ်ခြင်း၊ ရန်ကုန်မြစ်အတွင်းနဲ့ သွေးဆေးကန်တို့မှာ Diver ရေငုပ်တပ်ဖွဲ့များနှင့် ရှာဖွေခြင်းများအပြင် အာဇာနည်ဗိမာန်မှာ မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ Anti-Drone စက်များ အသုံးပြုခြင်းနှင့် အခြား လိုအပ်သည်များကိုလည်း ယခင်နှစ်ကအတိုင်း လစ်လပ်မှုမရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ် ပါကြောင်း၊

              စည်းကမ်းထိန်းသိမ်းရေးအပိုင်းအနေဖြင့် ယာဉ်ဝင်လမ်း၊ ထွက်လမ်းများ ရှင်းလင်း သတ်မှတ်ခြင်း၊ လူဝင်လမ်း ထွက်လမ်းများ ရှင်းလင်းသတ်မှတ်ခြင်း၊ ရဟန်းသံဃာတော်များနှင့် အများပြည်သူများ နှစ်စဉ်မပျက်လာရောက် ဂါရဝပြုခြင်းအစီအစဉ်များကို ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များ၊ လုံခြုံရေးဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်များ စီစဉ်ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေး ကြိုတင်ဖျန်းခြင်း၊ Social Distancing အတွက် စီမံခြင်းတို့ကိုလည်း ပြည့်ပြည့် စုံစုံဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊

              ထို့အပြင် (၇၆)နှစ်မြောက် အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားနှင့် သတင်းမီဒီယာများကတစ်ဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများကို ကြိုတင်ထုတ်လွှင့်ခြင်း၊ အခြေခံပညာကျောင်းများတွင် အာဇာနည်နေ့အကြောင်း စာစီစာကုံး ပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပခြင်းကိုလည်း ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ပြီး လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကိုယ်စား တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ဝင်းမင်းသိန်းက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အာဇာနည်နေ့အခမ်းအနားကျင်းပနိုင် ရေးအတွက် လျာထားဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကျင်းပရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်း Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။

              ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယခုနှစ်ကျင်းပပြုလုပ်မည့် အာဇာနည်နေ့အခမ်းအနားကို သက်ဆိုင်ရာ ကော်မတီ၊ ဆပ်ကော်မတီအသီးသီးက ရည်မှန်းချက်အတိုင်း အောင်မြင်စွာ ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးကိစ္စရပ်များအား အထူးအလေးထားဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားပြီး အစည်းအဝေးကို ၁၁:၂၄ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.