အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ နေပြည်တော် ဇွန်လ ၃

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီချိန်တွင် အမျိုးသားပြတိုက်( နေပြည်တော် )၊ Mini Theatre ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့သည် မေလ ၁၈ ရက်နေ့ ဖြစ်သော်လည်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့မှ ကျင်းပဖြစ်ကြောင်း ၊ ပြတိုက်များကို အများပြည်သူတို့အား  အသိပညာပေး လေ့လာသုတေသန ပြုရာနေရာ၊ ဗဟုသုတရှာမှီးရာနေရာနှင့် အပန်းဖြေရာနေရာ တစ်ခုအဖြစ် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ( ICOM )၏ ၂၀၁၉ ခုနှစ်( ကျိုတို ) ဆုံးဖြတ်ချက်များအနက် ၂၀၃၀ မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် အထူးဂရုပြုခဲ့ကြကြောင်း ၊ စဉ်ဆက်မပြတ် တည်မြဲသည့် အနာဂတ်ကို ဖော်ဆောင်ရေးနှင့် ဖန်တီးရေးတို့အတွက် ပြတိုက်များအားလုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည့် အတွက် ပြတိုက်ပညာပေးရေး အစီအစဉ်များ ၊ ပြပွဲ ပြသခြင်း ၊ လူမှုအဖွဲ့အစည်းများထံ သွားရောက် ကွင်းဆင်းပညာပေးခြင်း၊ သုတေသနပြုခြင်းတို့ကို ပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ      ( Sustainable Development Goals SDGs )ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီသည် ၂၀၂၀ ခုနှစ်မှစတင်၍ SDGs နှင့်ပတ်သက်သည့် အကြောင်းအရာများကို အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များအဖြစ် နှစ်စဉ်သတ်မှတ်ခဲ့ကြောင်း ၊ ယခုနှစ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ်ကိုလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်တွေအနက် ပန်းတိုင်သုံးခုဖြစ်သည့် ပန်းတိုင် (၃) ၊ ပန်းတိုင်(၁၃)နှင့် ပန်းတိုင် (၁၅)တို့ကို မျှော်မှန်း၍ Museums, Sustainability and Well-Being “ ကျန်းမာပျော်ရွှင် လူ့ဘောင်တွင် ၊ စဉ်ဆက်မပြတ်ရေး ၊ ပြတိုက်များက စွမ်းဆောင်ပေး ” ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း ၊ ပြည်သူလူထုအနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာ‌ပျော်ရွှင် စွာဖြင့် နေထိုင်နိုင်ကြစေရန် ၊ သဘာဝဂေဟစနစ်များ မပျက်စီးစေရန်နှင့် ရာသီဥတု ပြောင်းလဲ ပျက်စီးမှု မဖြစ်စေရန်အတွက် ဆောင်ရွက်ကြရာတွင် ပြတိုက်များက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ၊ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၁၂ ရပ်တွင် ပါဝင်သည့် လူမှုရေးဦးတည်ချက် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင်လည်း  ပြတိုက်ပညာရှင်များနှင့် ပြတိုက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံပြတိုက်များကော်မတီဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် က အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ် နှင့်အညီ အမျိုးသားပြတိုက်(နေပြည်တော်) ဧည့်ဆောင်တွင် ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အထူးပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ပြီး  အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲကို နံနက်ပိုင်းတွင် စာတမ်းရှင် ဒေါ်မှူးစန္ဒြာခင်၊ ဦးစီးအရာရှိက “ကျန်းမာပျော်ရွှင်မှု တည်တံ့ခိုင်မြဲသော လူမှုအသိုက်အဝန်းနှင့် ပြတိုက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗိုလ်မှူးသန်းလှိုင်၊ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးက “မြန်မာ့တပ်မတော် ဂုဏ်ဒြပ်များ မော်ကွန်းတည်ရာ တပ်မတော် စစ်သမိုင်းပြတိုက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နေ့လယ်ပိုင်းတွင်  စာတမ်းရှင် ဒေါ်အေးဝင်းသူ၊ အငယ်တန်းအင်ဂျင်နီယာ(၂)က “ ပြတိုက်များအား  ဗိသုကာ ပညာရပ် အမြင်ဖြင့် လေ့လာခြင်း” စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ညိုညိုယဉ်မောက်၊ ဦးစီးအရာရှိက “ပြည်မြို့ ရွှေဆံတော် စေတီတော် ဗုဒ္ဓပြတိုက် အဆင့်မြှင့်တင် ခင်းကျင်းရေး လေ့လာချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ယင်းမာ၊ ဦးစီးအရာရှိက “အမျိုးသားပြတိုက်(နေပြည်တော်) ဗုဒ္ဓအနုပညာပြခန်းတွင် ပြသထားသည့် ပျူခေတ်နှင့် ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များ လေ့လာချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဥမ္မာကျော်၊ ဒုတိယဦးစီးမှူးက“ပုဂံခေတ်လက်မှုအနုပညာပြခန်းတွင် ခင်းကျင်းပြသထားသည့် အေဒီ(၁၂) ရာစု အဝတ်ပန်းချီအား လေ့လာတင်ပြချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း စုစုပေါင်း စာတမ်း (၆) စောင်ကို စာတမ်းရှင်(၆) ဦးက ဖတ်ကြားခဲ့ကြပါသည်။ စာတမ်းများ ဖတ်ကြားပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ဖတ်ကြားသွားသော စာတမ်းများနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး သဘာပတိ နှင့် စာတမ်းရှင်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.