မဲခေါင်−လန်ချန်းနိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခြင်း (၁၂−၆−၂၀၂၃ )

          မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)​ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆောင်ရွက် မည့် မဲခေါင်−လန်ချန်းနိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Seminar on  Building Networks on Preservation and Conservation of Literary Heritages among Lancang-Mekong Area, especially Rare Materials in Libraries) အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီညှိနှိုင်းအစည်းအဝေးကို (၁၂.၆.၂၀၂၃)ရက် (တနင်္လာနေ့) နံနက်(၉:၃၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြား ထားသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားဖိတ်ကြားထား​သော ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ မဲခေါင်-လန်ချန်း နိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ(Seminar on Building Network on Preservation and Conservation of Literary Heritages among Lancang-Mekong Area, especially Rare Materials in Libraries) ခေါင်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ စီမံကိန်းကို မဲခေါင်-လန်ချန်း ဒေသအတွင်းနိုင်ငံများမှ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များနှင့် စာပေပစ္စည်းပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများ ဖလှယ်ခြင်း၊ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ လက်တွေ့ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်များကို ထည့်သွင်းရေးဆွဲခဲ့ပြီး Hybrid စနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို မဲခေါင်-လန်ချန်းဧရိယာအတွင်းရှိ စာကြည့်တိုက်များ၌ ထိန်းသိမ်းထားရှိသည့် စာပေပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် စာကြည့်တိုက်ပညာရှင်များအတွက် ကွန်ရက်တစ်ခုတည်ဆောက်ရန်၊ ပိုမိုကောင်းမွန်သည့် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိုးမြှင့်ရန်၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် အတွေ့အကြုံဗဟုသုတများကို ဖလှယ်ရန်နှင့် စာကြည့်တိုက်များရှိ ရှားပါးစာပေပစ္စည်း ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် အကောင်းဆုံးနည်းလမ်းများ မျှဝေနိုင်ရန်တို့အတွက် ရည်ရွယ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ရှားပါးစာပေပစ္စည်းများ တွေ့ကြုံရမည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်မှု၊ ဒီဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုစသည့် ခေါင်းစဉ်(၃)ခု၏ အကြောင်းအရာ များနှင့် သက်ဆိုင်သည့့် စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်ကြောင်း၊ စာတမ်းများကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ စာတမ်း (၁)စောင်စီ ဖတ်ကြားသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုစာတမ်းကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) မှ ဖတ်ကြားမည် ဖြစ်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများမှ စာတမ်းများကို Online မှ ဖတ်ကြားမည် ဖြစ်ကြောင်း၊ ယခုစီမံကိန်းမှ ရှားပါးစာပေပစ္စည်း ထိန်းသိမ်းထားရှိမှုနှင့် စပ်လျဉ်းသည့် အယူအဆသစ်၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာပြီး စာကြည့်တိုက်များ၏ အကျိုးအတွက် အထောက်အကူ ဖြစ်ခြင်း၊ ရှားပါးစာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် နည်းဗျူဟာ များကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအကြား ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေ နိုင်ခြင်းနှင့် စာကြည့်တိုက်များမှတစ်ဆင့် ဖြေရှင်းခြင်း၊ လက်တွေ့နယ်ပယ်တွင်  အသုံးပြု နိုင်ခြင်း၊ ပိုမိုကောင်းမွန်သည့် ထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းများ ရရှိနိုင်ခြင်း စသည့် ရလဒ်ကောင်းများ ရရှိစေမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် အဖိုးမဖြတ်နိုင်သည့် ရှားပါးစာပေအမွေ အနှစ်များကို ရေရှည်တည်တံ့ရန်အတွက် နည်းလမ်းမျိုးစုံနဲ့ ထိန်းသိမ်းသွားမည့် ယခုဆွေးနွေးပွဲ အောင်မြင်ရေးအတွက် ဆပ်ကော်မတီအသီးသီးကလည်း ဝိုင်းဝန်းပံ့ပိုးဆောင်ရွက် ပေးကြပါရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေး ယူနစ်(မြန်မာ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်းများ၏ လုပ်ထုံး၊ လုပ်နည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ 

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီများက လုပ်ငန်း တာဝန်အလိုက် ဆွေးနွေးတင်ပြကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက  အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန် အလိုက် ကျေပွန်အောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နံနက် (၁၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.